ထိခိုက်မှု အန္တရာယ်ကာကွယ်ရေး စီမံချက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ထိခိုက်မှု အန္တရာယ်ကာကွယ်ရေး စီမံချက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
by -
မဇ္စျိမ

ယာဉ်အန္တရာယ် ထိခိုက်မှု၊ ရေနစ်သေဆုံးမှု၊ အမြင့်မှပြုတ်ကျမှု စသည့် ထိခိုက်မှု အန္တရာယ်ကာကွယ်ရေး စီမံချက် အလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၊ အမြန်လမ်းယာဉ်ထိန်းတပ်ဖွဲ့၊ က.ည.န၊ ပို့ဆောင်ရေးနှင့် ကျန်းမာရေး စသည့် ဌာနများပူးပေါင်း၍ နေပြည်တော်တွင် ကျင်းပခဲ့သည်။

နိုင်ငံတွင်း ၂၀၁၀ ခုနှစ်မှစ၍ မော်တော်ကားနှင့် ဆိုင်ကယ်များ အဆမတန်များပြားလာမှုနှင့်အတူ ယာဉ်အန္တရာယ်ထိခိုက်သေဆုံးမှု ရာခိုင်နှုန်း မြင့်တက်လာခြင်းကြောင့် စည်းကမ်းတကျ ထိန်းသိမ်းနိုင်ရန်အတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းလည်း ကုန်းလမ်းပို့ဆောင်ရေးမှ ညွှန်ကြားရေးမှူးက ဆိုသည်။

Car-Accident-03

ညွှန်ကြားရေးမှူး ဦးလျန်ကျင်မန်က “နိုင်ငံတကာမှာလည်း ဖွဲ့စည်းပြီးသားဖြစ်တယ်၊ မြန်မာနိုင်ငံမှာကတော့ ၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပြီးဖြစ်တယ်၊ ၂၀၁၄-၂၀၂၀ ခုနှစ် စီမံချက်ရေးဆွဲထားတယ်၊ ၂၀၁၃ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ယာဉ်အန္တရာယ်ရာခိုင်နှုန်း ထက်ဝက်လျော့ချဖို့ ရည်မှန်းထားပါတယ်” ဟု မဇ္စျိမကို အတည်ပြု ပြောသည်။

မော်တော်ကားမောင်းနှင်၊ စီးနင်းလျှင် အသက်ကယ်ခါးပတ် ပတ်ထားရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ပါက ဆိုင်ကယ်စီးဦးထုပ် ဆောင်းရန်၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်သုံးထားခြင်း မပြုရန်စသည့် အချက်များကိုလည်း စနစ်တကျ ကြပ်မတ်ရန် အကျယ်တဝင့်ဆွေးနွေး ခဲ့ကြောင်းလည်း ဦးလျန်ကျင်မန်က ဖြည့်စွက် ရှင်းပြသည်။

ထိခိုက်မှုအန္တရာယ် ခံစားရသူများအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးရသော ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း မည်သည့်အတွက်ကြောင့် ထိခိုက်မှုအန္တရာယ်ဖြစ်ရသည် ဆိုသည့် စစ်တမ်းများကောက်ယူ ထားကြောင်းလည်း ရန်ကုန်ဆေးတက္ကသိုလ် (၁) အရိုးရောဂါပညာဌာနမှူး ပါမောက္ခ ဒေါက်တာသစ်လွင် က ဆိုသည်။

“အစိုးရဌာနအလုပ်ပဲလို့သတ်မှတ်လို့ မဖြစ်ဘူး၊ ပြည်သူလူထုကလည်းပါဝင်လာရမယ်၊ ဒီဆွေးနွေးပွဲက ရလာတဲ့ ရလဒ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနကို အစီရင်ခံစာတင်ပြမယ်၊ ဘာလုပ်သင့်တယ်ဆိုတာကိုပါ တင်ပြမယ်၊ ဒါမှ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲ တွေဖြစ်လာမယ်” ဟု ဒေါက်တာသစ်လွင်က ပြောသည်။

မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး ကားကုမ္ပဏီများသည် ထုတ်လုပ်ရောင်းချလိုက်သော ကားများအား စမ်းသပ်စစ်ဆေးမှုများ အစဉ်တစိုက်လုပ်ဆောင်လျက်ရှိသော်လည်း မော်တော်ဆိုင်ကယ်ထုတ်သော ကုမ္ပဏီများအနေဖြင့်မူ ဆောင်ရွက်ခြင်းမရှိသလောက် နည်းပါးကြောင်း က.ည.န မှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ထောက်ပြဝေဖန်လိုက်သည်။

“နိုင်ငံတကာမှာ ယာဉ်အန္တရာယ်ကြောင့် သေဆုံးမှုမှာ မော်တော်ဆိုင်ကယ်ကြောင့် အများဆုံးဖြစ်တယ်၊ အဲ့တော့ သူတို့သွင်းလာတဲ့ ဆိုင်ကယ်ကုမ္ပဏီတွေက ရောင်းသမျှကို အသေအပျောက်နည်းပါးအောင် ဆိုင်ကယ်စီးဦးထုပ်တွေ လွဲပေးမှာလား၊ ဒါမှမဟုတ် အန္တရာယ်ကင်းပြီး ပေါ့ပါးတဲ့ ဒီဇိုင်းမျိုး တီထွင်မှာလား၊ ဒါတွေကို စဉ်းစားသင့်တယ်” ဟု ဦးသောင်းလွင်က အကြံပြု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၉ ခုနှစ်က ယခုကဲ့သို့ဆွေးနွေးပွဲများ ဆောင်ရွက်ဖူးပြီး စီမံချက်ရလဒ်ထွက်ပေါ် ခဲ့ သော်လည်းလက်တွေ့ အကောင်အထည်ဖော်ရာတွင် ခရီးမရောက်ပဲ ဖြစ်နေသည်ဟု ဆိုသည်။