နိုင်ငံဖွံ့ဖြိုးရေးအတွက် မဏ္ဍိုင်သုံးရပ်ကြား အားပြိုင်မှုရှောင်ရှားရန် တပ်မတော်တိုက်တွန်း

နိုင်ငံဖွံ့ဖြိုးရေးအတွက် မဏ္ဍိုင်သုံးရပ်ကြား အားပြိုင်မှုရှောင်ရှားရန် တပ်မတော်တိုက်တွန်း
by -
မဇ္စျိမ

နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော အစိုးရ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့အကြား အားပြိုင်မှုများကို ရှောင်ရှားပြီး ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲများ မပါရှိဘဲ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အောက်တိုဘာလ ၂၂ ရက်တွင် တိုက်တွန်းလိုက်သည်။

မကြာသေးမီက ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက မဏ္ဍိုင်ကြီးသုံးရပ် တစ်ခုချင်းစီအလိုက် အားနည်းချက်၊ အားသာချက်များနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းရာ စီမံ/စီးပွား ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက အားလုံးကိုယ်စား ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တပ်မတော်သား ကိုယ်စားလှယ်များကိုယ်စား မဏ္ဍိုင်သုံးရပ်နှင့် ပတ်သက်၍ အစီရင်ခံစာတင်သွင်းရန် ညွန်ကြားခဲ့သည့်အတွက် တင်သွင်းခြင်းဖြစ်သည်။

အောက်တိုဘာ ၂၂ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့မှ ဗိုလ်မှူးချုပ်တင့်ဆန်းက စာမျက်နှာ ၁၂ မျက်နှာပါ တပ်မတော်သား ကိုယ်စားလှယ်များ၏ လွှတ်တော်သို့တိုက်တွန်းသော အစီရင်ခံစာတွင် ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။

ဥပဒေပြုရေးမဏ္ဍိုင်မှ အုပ်ချုပ်ရေးမဏ္ဍိုင်အား စောင့်ကြည့်ထိန်းကျောင်းရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်သည် ကတိကဝတ်အတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းချက်နှင့် ကြန့်ကြာခြင်းများရှိနေကြောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်မှ ဥပဒေပြုရေးမဏ္ဍိုင်ကို ထိန်းကျောင်းရာတွင် ဥပဒေပြုရေးမဏ္ဍိုင်က ပြဋ္ဌာန်းလိုက်သော ဥပဒေကြမ်းများ အနက် အချို့သော ဥပဒေကြမ်းများအား အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပြင်ဆင်ချက်၊ သဘောထားမှတ်ချက်ဖြင့် ပြန် လည်ပေးပို့လာသောအခါ ဥပဒေပြုရေးမဏ္ဍိုင် အနေဖြင့် နားလည်လက်ခံရန် ခက်ခဲကြောင်း တွေ့ရှိရသည်ဟု တပ်မတော်သားများ၏ အကြံပြုချက်တွင်ပါရှိသည်။

တရားစီရင်ရေးမဏ္ဍိုင်မှ ဥပဒေပြုရေးမဏ္ဍိုင်ကို စောင့်ကြည့်ထိန်းကျောင်းမှု ပြုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်ကို ဥပဒေပြုရေး မဏ္ဍိုင်အနေဖြင့် နားလည်ရန် ခက်ခဲကြောင်းကိုလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်တွင် ဖော်ပြထားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမူ မဏ္ဍိုင်သုံးရပ် ပွတ်တိုက်ခြင်းသည် ဒီမိုကရေစီ အလေ့အထများ၏ သဘောသဘာဝ ဖြစ်သည့်အတွက် များစွာစိုးရိမ်ရန် မလိုအပ်ကြောင်း သုံးသပ်ပြောကြား သည်။

Most read this week