တပ်မတော်သား ကိုယ်စားလှယ်များက အခြေခံဥပဒေအခန်း ၁၂၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းတွင် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)၊ (ခ)ကို မပြင်ဆင်လိုသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေးရန် အကြံပြုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာကို အောက်တိုဘာ ၂၂ ရက် တွင် တင်သွင်းလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "အစီရင်ခံစာအပေါ် ပြောစရာတွေ အများကြီးရှိပါတယ်၊ ကိုယ်စားလှယ်တွေက (NLD) ပြောရမယ့် အချိန်ရောက်ရင် ပြောသွားပါမယ်” ဟု မဇ္စျိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
အဖွဲ့ဝင် ၃၁ ဦးပါ အဆိုပါကော်မတီကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်က ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မပေါင်း ၄၅၇ ခုအနက် ပုဒ်မပေါင်း ၂၁၀ နှင့် ဇယား ၅ ခုမှ အပိုဒ် ၂၃ ခုတို့ကို ပြင်ဆင်ရန် စဉ်းစားသင့်သည်ဟု ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။
ယင်းပုဒ်မနှစ်ခုနှင့် ပတ်သက်၍ အာဏာရပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေစွာ တိုးမြှင့်ပေးရမည် ဖြစ်သည်ဟု မှတ်ချက်ပြုထားသည်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ၄၃၆ (က) အတွက် ပြည်ထောင်စုလွှတ်တော် တွင် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်ဟု သဘောထားပေးထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထုထံမှ ယင်းပုဒ်မကို ကန့်ကွက်ကြောင်း လက်မှတ် ငါးသန်းနီးပါး ကောက်ယူခဲ့ပြီး လွှတ်တော်သို့ တင်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ၊ အတွင်းရေးမှူး ဦးအေးမောက်က "ဒီအစီရင်ခံစာပါ သဘောထားတွေက ကော်မတီရဲ့ သဘောထားမဟုတ်ဘူး၊ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေရဲ့ သဘောထားတွေကို ကော်မတီက စုစည်းတင်ပြတာဖြစ်ပါတယ်’’ ဟု လွှတ်တော်အပြီးတွင် ပြောကြားသည်။
ယင်းအစီရင်ခံစာနှင့် ပတ်သတ်၍ ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် အောက်တိုဘာလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီနောက်ဆုံးထား၍ စာရင်းပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကြေငြာ သည်။