မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း အထောက်အထားအခိုင်အလုံဖြင့် နိုင်ငံတော်အဆင့် သက်သေပြရန် ဥရောပနိုင်ငံအချို့က တောင်းဆိုကြသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။
အီတလီနိုင်ငံတွင် ပြုလုပ်သော အရှေ့ဥရောပ အစည်းအဝေး ခရီးစဉ် နှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် အစိုးရရုံးတွင် ပြုလုပ်သော အောက်တိုဘာ ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ အသိပေးခြင်းဖြစ်သည်။
“ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမရှိကြောင်း နိုင်ငံတော်အစိုးရက စာအုပ်တစ်အုပ် ထုတ်ဝေသင့်တယ်လို့ အကြံပြုပါတယ်၊ ရိုဟင်ဂျာ ရှိတယ်ဆိုတာက နိုင်ငံအချို့က ထုတ်တာရှိတယ်၊ မရှိဘူးဆိုတာ ထုတ်တာမရှိသေး တဲ့ အတွက် သက်သေအခိုင်အလုံနဲ့ ထုတ်သင့်တယ်လို့ဆိုတယ် ”ဟု ဦးမောင်မောင်အုန်း ကပြောသည်။
ဝန်ကြီးချုပ်က ယင်း အကြံပြုချက်သည် ကောင်းမွန်သဖြင့် နိုင်ငံတော်သမ္မတထံ အစီရင်ခံသွားမည်ဟု ဆိုသည်။
ထို့ပြင် “ရိုဟင်ဂျာ၊ ဘင်္ဂါလီ ဆိုတဲ့ နာမည်ထက် နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အမည်နာမတစ်ခုကိုလည်း စဉ်းစားဖို့ တိုက်တွန်းကြတယ်” ဟု ဦးမောင်မောင်အုန်းက ပြောသည်။
ရခိုင်သဟာရ အသင်းဥက္ကဋ္ဌ ဦးလှမောင်သိန်းက “အစိုးရ အနေနဲ့ ပြည်တွင်းမှာသာမဟုတ်ဘဲ နိုင်ငံ တကာရှေ့မှာ သတ္တိရှိရှိနဲ့ အထောက်အထားနဲ့တကွ သက်သေပြစေချင်ပါတယ်” ဟု ဆိုသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံချိန်ကလည်း ဘင်္ဂါလီ ၁.၀၉ သန်း ရှိပြီး ရခိုင်ပြည်နယ်အတွင်း လူပေါင်း နှစ်သောင်းကျော်သာ ရိုဟင်ဂျာဟု စာရင်းမသွင်းခြင်းကို လက်သင့်ခံထားသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင် စာရင်းများက ဆိုသည်။
ရခိုင်သမိုင်းအထောက်အထားများနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် ထုတ်ပြန်မှု မရှိသော်လည်း ဂျပန်နိုင်ငံ Kanda University နိုင်ငံတကာ လေ့လာရေး တက္ကသိုလ်၊ အရှေ့တောင်အာရှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက Influx Virus-The Illegal Muslims in Arakan အမည်ရှိ စာအုပ်တစ်အုပ်ကို ထုတ်ဝေဖူးသည့် မှတ်တမ်းရှိသည်။