စိုက်စရိတ်ဘဏ်ချေးငွေ ပြန်ဆပ်ရက် မရွှေ့ဆိုင်းနိုင်ဟု ဒုတိယဝန်ကြီးပြော

စိုက်စရိတ်ဘဏ်ချေးငွေ ပြန်ဆပ်ရက် မရွှေ့ဆိုင်းနိုင်ဟု ဒုတိယဝန်ကြီးပြော
by -
မဇ္စျိမ

မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူ လယ်သမားတို ့ကို ထုတ်ချေးပေးလျက်ရှိသည့် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်ရမည့် ရက်အား သဘာဝဘေးဒဏ်၊ ပိုးမွှားဒဏ်ကြောင့် သီးနှံဆုံးရှုံး ရသော တောင်သူတို့အတွက် ဖြေလျှော့ ရွှေ့ဆိုင်းပေးမည် မဟုတ်ကြောင်း လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး ဦးခင်ဇော်က အောက်တိုဘာ ၂၁ ရက် လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“တောင်သူများကို ငွေချေးပေးရာမှာ အချိန်စေ့ ပေးဆပ်ရန် ငွေကျေပြီးသူ ဖြစ်ရမည် ဟူသော စည်းကမ်းချက် ရှိပါသဖြင့် တောင်သူများ ချေးငွေပြန်ဆပ်ရက်ကို ဖြေလျှော့ပေးရန် မဆောင်ရွက်နိုင်ပါ” ဟု စစ်ကိုင်းတိုင်း ရွှေဘိုမြို ့နယ်အမတ် ဒေါက်တာ အောင်သန်း၏ အမေးကို တုန့်ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နွေစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူတို့အား အောက်တိုဘာမှ ဇန်နဝါရီအတွင်း ဘဏ်က ထုတ်ချေးပြီး တောင်သူက ဇန်နဝါရီလအကုန်တွင် အကျေပြန်ဆပ်ရသည်။ ထိုသို့ချေးငွေ အကျေပြန်ဆပ် သည့် တောင်သူကိုသာ ဘဏ်က မိုးစပါးအတွက် စိုက်စရီတ်ချေးငွေ ထုတ်ချေးပေးသည့် စနစ်အား ဖြေလျှော့ပေးရန် ရှိပါသလားဟု ဒေါက်တာ အောင်သန်းက မေးခဲ့ခြင်းဖြစ်သည်။

“သဘာဝဘေးကြောင့် ပိုးမွားကြောင့် သီးနှံပျက်စီးပြီး ဘဏ်ကြွေးမဆပ်နိုင်တဲ့ တောင်သူတွေ ဟာ ငွေရှင်တွေ ဆီက အတိုးနဲ ့ငွေချေးရတယ်” ဟု ဆိုကာ ကြွေးဆပ်ရက် ရွှေ့ဆိုင်းပေးရန်ရှိမရှိ ရွှေဘိုအမတ်က မေးမြန်း ခဲ့ခြင်းဖြစ်သည်။

သီးနှံများ သဘာဝဘေးအန္တရယ်ကြောင့် အမှန်တကယ် ပျက်စီးခဲ့ပါမူ ဒေသခံ အာဏာပိုင် အဆင့်ဆင့်က မှန်ကန်ကြောင်း ထောက်ခံမှသာ ဘဏ်ဆပ်ရပ် ရွှေ့ဆိုင်းပေးနိုင်မည်ဟု ဝန်ကြီးက ဆိုသည်။

၂၀၁၃ ဇွန် ဇူလိုင်အတွင်းက စစ်ကိုင်းတိုင်းတွင် မိုးခေါင်ပြီး သီးနှံပျက်စီးမှုအတွက် သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၁၅ ဒသမ ၂၅၉ နှင့် ၂၀၁၄ သြဂုတ်လ ပဲခူးတိုင်း ရေကြီးမှုအတွက် ကျပ်သန်း ၁,၀၄၇ ဒသမ ရ၈ တို့ ထောက်ပ့ံပေးခဲ့သည်ဟုလည်း ဝန်ကြီးက ဆိုသည်။

Most read this week