ချင်းးအမျိုးသား တပ်ဦး(CNF) နှင့် ဆက်သွယ်သည်ဆိုကာ ချင်းအမျိုးသား ခြောက်ဦးကို ငါးရက်ကြာ ဖမ်းစီး၍ ရိုက်နှက်စစ်ဆေးခဲ့သည့် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတစ်ဦးပါဝင်သည့် တပ်သား ၁၃ ဦး အဖွဲ့ကို ထိရောက်စွာ အရေးယူပေးပါရန် ချင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီတို့ ပူးပေါင်း၍ သဘောထား ကြေငြာ ချက် တစ်စောင်ကို အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေငြာချက်ကို ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း၊ ခူမီးရေးရာ အတိုင်ပင်ခံကောင်စီ၊ ကုလားတန် ဖွ့ံဖြိုးရေး ဖောင်ဒေးရှင်း၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား လူမျိုးများ ဖွ့ံဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသား ပါတီတို့က ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းက "စစ်တပ်က ရိုက်နှက်ခံရတဲ့ လူတွေကို တောင်းပန်မယ်လို့ ပြောပေမယ့် ဒီနေ့အထိ တောင်းပန်ခဲ့ခြင်း မရှိသလို ရိုက်တဲ့လူတွေကိုလည်း အရေးယူပေးခြင်းမရှိလို့ ဒီကြေငြာချက်ကို ထပ်ထုတ်ရတာပါ" ဟု ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုန်ပြင်ရွာသား ချင်းလူမျိုး ခြောက်ဦးကို CNF နှင့် အဆက်သွယ်ပြုလုပ် သည်ဟု ဆိုကာ အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် လက်အောက်ခံ၊ အမှတ် ၃၄၄ ခြေလျင် တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးနှင့် အဖွဲ့တို့က သြဂုတ်လ ၂၈ရက်မှ စက်တင်ဘာလ ၁ရက်အထိ ဖမ်းစီးခဲ့ပြီး ရိုက်နှက်ခဲ့သော်လည်း စက်တင်ဘာလ ၄ရက် တွင် ကြိုတင်ရေးထားသည့် ဝန်ခံကတိပြု စာရွက်တွင် အတင်းအကျပ် လတ်မှတ်ထိုးစေခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
ထို့နောက် စက်တင်ဘာလ ၁၉နှင့် ၂၀ရက်တို့တွင် အရိုက်ခံရသူ ၅ ဦးအား တပ်ရင်းမှူးမှ ပြန်လည် တောင်း ပန်မည်ဟူသော အကြောင်းကြားစာဖြင့် ဖိတ်ကြားခဲ့ခြင်းကြောင့် သွားရောက်ခဲ့သော်လည်း တောင်းပန်ခြင်း မပြုလုပ်ဘဲ ဗိုလ်မှူးနဲ့အဖွဲ့မှ ချုပ်နှောင်ရိုက်နှက်ခြင်း မရှိဟူသော ဝန်ခံကတိပြု စာရွက်ကို ဗျူဟာမှူးမှ ဦးဆောင် က ပြုလုပ်ခိုင်းစေခဲ့ကြောင်း ကြေငြာချက်တွင် ရေးသားထားသည်။
ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်နေသော အချိန်တွင် အပစ်ရပ်ဒေသမှ ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများသည် တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်း ချင်းလူမှုအဖွဲ့ အစည်းများနှင့် နိုင်ငံရေး ပါတီများက သုံးသပ်နေကြသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ အရိုက်ခံရသော ဒေသခံများက ရန်ကုန်မြို့တွင် အောက်တိုဘာလအတွင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။