မြန်မာနိုင်ငံအတွင်း သတင်းစာ လွတ်လပ်ခွင့်အတွက် စိုးရိမ်နေရခြင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဆက်ရှိနေခြင်းတို့ကြောင့် ဒီမိုကရေစီအရေး အတွက် နောက်ကြောင်းပြန် လှည့်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီးက သူ၏ ကြိုတင်ထွက်ရှိလာသော အစီရင်ခံစာတွင် ပါရှိသည်။
အောက်တိုဘာ လကုန်တွင် တင်သွင်းမည့် ကုလကိုယ်စားလှယ်၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် အမျိုးသမီးများ လွတ်လပ်စွာ ပြောဆိုခွင့်နည်းပါးနေခြင်း၊ အုပ်စုလိုက် ပဋိပက္ခဖြစ်နေမှုများ ရှိနေခြင်းတို့ကိုလည်း ထောက်ပြပြောဆိုထားသည်။
အောက်တိုဘာ ၂၈ ရက်တွင်ကျရောက်မည့် ၆၉ ကြိမ်မြောက် ကုလအထွေထွေညီလာခံသို့ တင်သွင်းရန် စာမျက်နှာ ၂၃ မျက်နှာပါ အစီရင်ခံစာကို မစ္စ ယန်ဟီးလီးက ပြုစုခဲ့ခြင်းဖြစ်သည်။
“နောက်ကြောင်းပြန်လှည့်နိုင်တဲ့ လက္ခဏာတွေ ရှိနေပါတယ်။ အဲဒါတွေကို မဖြေရှင်းဘူးဆိုရင် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အကာအကွယ်ပေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သင့်တော်တဲ့နေရာတစ်ခုရဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံရဲ့ အားထုတ်မှှုတွေကို ထိခိုက်သွားစေနိုင်ပါတယ်” ဟုလည်း သူ၏ အစီရင်ခံစာတွင် ပါရှိသည်။
အစီရင်ခံစာတွင် ကဏ္ဍအချို့ကို အကောင်းမြင်ထားပြီး အစိုးရကို ချီးကျူးထားသော်လည်း စစ်ပွဲများကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရသူတို့ အခြေအနေ၊ မြေသိမ်းယာသိမ်း ကိစ္စများ၊ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများ ကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသည့် ဒုက္ခသည်များ အခြေအနေတို့ကို ထောက်ပြထားပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု အဖြစ် မစ္စယန်ဟီးလီးက ဝေဖန်ထားသည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေ၊ လူ့အခွင့်အရေးကဏ္ဍများကို ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သည့်အပေါ် ချီးကျူးသင့်သည်ဟု မစ္စယန်ဟီးလီးက ဆိုသည်။ သို့သော် တရားဥပဒေ စိုးမိုးရေး မြင့်တင်ရန်နှင့် လွှတ်တော်များမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည်ကို နိုင်ငံတကာ စံချိန်စံညွန်းမီရန် တိုက်တွန်းထားပြီး ဥပဒေများ ပြင်ဆင်မှုနှင့် ဥပဒေရေးဆွဲရာတို့တွင် လူမှုအဖွဲ့အစည်းများ၏ ပါဝင်မှုကို မြင့်တင်ရန်လည်း တိုက်တွန်းထားသည်။
“မြန်မာနိုင်ငံရဲ့ အဖွဲ့အစည်း၊ ဥပဒေရေးရာနဲ့ မူဝါဒရေးရာ မူဘောင်တွေမှာ လူ့အခွင့်အရေးကိစ္စကို အပြည့်အဝ ဦးစားပေးသင့်ပါတယ်။ ပြီးတော့ နိုင်ငံတော်အဖွဲ့အစည်းတွေ အားလုံးနဲ့ ပြည်သူတွေကြားမှာ လူ့အခွင့်အရေးကို လေးစားတဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းဖို့ လိုပါတယ်” ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြပါရှိသည်။
ထွက်ရှိလာတော့မည့် အစီရင်ခံစာသည် မစ္စယန်ဟီးလီး၏ ဇူလိုင် ၁၇ရက်မှ ၂၆ ရက်ထိ မြန်မာနိုင်ငံခရီးစဉ်၏ ရလဒ်တစ်ခုဖြစ်သည်။ မစ္စတာ ကင်တားနား ထံမှ ရာထူးတာဝန် လွှဲပြောင်းရယူခဲ့ပြီးနောက် မစ္စ ယန်ဂီးလီး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်လည်း ဖြစ်သည်။
ခရီးစဉ်အတွင်းတွင် ယန်ဂီးလီးသည် နေပြည်တော် နှင့် ရန်ကုန်တို့တွင် အစည်းအဝေးများ ပြုလုပ်ခဲ့ကာ၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့သို့ သွားရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့ပြင် အင်းစိန်၊ စစ်တွေ၊ ဗန်းမော်နှင့် မြစ်ကြီးနား အကျဉ်းထောင်များသို့လည်း သွားရောက်ကာ နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခဲ့သည်။