တရုတ်နိုင်ငံရှိ ဟဲနန်နှင့် ကွမ်တုန်းမြို့များသို့ တရုတ်နိုင်ငံသားများ၏ သားမယားအဖြစ် လူကုန်ကူးခံရသူ များပြားသည့်အတွက် တရုတ် - မြန်မာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု ကာကွယ်ရေးတပ်ဖွဲ့ BLO က ပူးပေါင်းဖေါ်ထုတ် အရေးယူတော့မည်ဟု လူကုန်ကူးမှု ကာကွယ်ရေးအဖွဲ့(ဗဟို) က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်မှ ရွှေလီ BLO အဖွဲ့သည် လူကုန် ကူးခံရသူများကို ကူညီစုံစမ်းပေးရေးနှင့် တရားခံဖမ်းဆီးလွှဲပြောင်းပေးရေးတို့ကို လူကုန်ကူးမှုတားဆီးရေး တရုတ် ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လူကုန်ကူးသူများသည် တရုတ်ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုတတ်ပြီး တရုတ်လူမျိုးများနှင့် နှစ်ရှည် အိမ် ထောင်ကျ ထားသူများဖြစ်သည်။ ၎င်းတို့၏ အမည်များကိုပင် တရုတ်အမည်ပြောင်းထားခြင်း၊ နေရပ် လိပ်စာ အတိအ ကျရရှိရန် ခက်ခဲခြင်းတို့ကြောင့် ဖမ်းဆီးရန် ခက်ခဲသောကြောင့် တရုတ်ရဲတပ်ဖွဲ့က ပူးပေါင်းဖေါ်ထုတ်ရန် စီစဉ်ခြင်း ဖြစ်သည်။
“တရုတ်ဘက်ကို ၀င်ရှာဖွေလို့ မရနိုင်ဘူး။ လူကုန်ကူးတရားခံတွေရဲ့ဓာတ်ပုံမှတ်တမ်းတွေ ရှာဖွေဖော်ထုတ်ပြီး တရုတ်ရဲတပ်ဖွဲ့ကို ပေးပို့ရမှာ။ ကျယ်ဂေါင်က တည်းခိုခန်းတွေမှာ တရားခံတွေ ရှိနေနိုင်တာမို့ သတင်းရတာနဲ့ ပိတ်ဆို့ ရှာဖွေဖို့ ရှိပါတယ်” ဟု မူဆယ် လူကုန်ကူးမှု တားဆီးရေးတပ်ဖွဲ့မှ ရဲမှူးခင်မောင်ဦးက ပြောသည်။
တရုတ်နိုင်ငံ ကျယ်ဂေါင်၊ ရွှေလီ၊ နောင်တောင်း၊ ၀မ်တိန်မြို့များရှိ မြန်မာ အလုပ်သမားများ အလုပ်လုပ်ကိုင် လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများနှင့် အလုပ်အကိုင်ရှာဖွေရေးရုံးများတွင်လည်း လူကုန်ကူးမှု အသိပ ညာပေး ဟောပြောပွဲများ ပြုလုပ်ရန် မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု တားဆီးကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။