အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ နည်းပါးနေသည့်အတွက် ဥပဒေပြုရေးတွင် ဩဇာမရှိဖြစ်နေသည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၎င်းက "လွှတ်တော်ထဲမှာ အင်န်အယ်ဒီက လွှတ်တော်ကိုယ်စားလှယ် ၄၆ ယောက်ပဲရှိတော့ ဥပဒေပြုရေးမှာ ကျွန်မတို့ရဲ့ ဩဇာမရှိဘူး။ မရှိတာက မရှိတာပဲ" ဟု ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဧရာဝတီတိုင်း Green Peasant Institutes မှ လွှတ်တော်သို့ လာရောက်လေ့လာသော လယ်သမားများနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရသော်လည်း အာဏာလွှဲပြောင်းပေးခြင်း မခံခဲ့ရသည့် အင်န်အယ်လ်ဒီ သည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၃၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ငါးဦးနှင့် တိုင်းဒေသကြီးလွှတ်တော်၌ သုံးဦးရှိပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦး မကြာသေးမီက ကွယ်လွန်ခဲ့သည်။ သို့သော် ပါတီသည် လွှတ်တော်ပြင်ပမှ တတ်နိုင်သမျှ ပြည်သူ့အကျိုး လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
အစိုးရက လယ်သမားများအား ချေးငွေ ထုတ်ချေးနေသော်လည်း လယ်သမားများအတွက် အဓိကပြဿနာမှာ လယ်ယာမြေဖြစ်ပြီး နောက်တစ်ချက်မှာ ချေးငွေဖြစ်သည်ဟု ၎င်းက ပြောသည်။
၎င်းက "ဧရာဝတီတိုင်းဘက်မှာတော့ မသိဘူး။ ရန်ကုန်တိုင်းမှာတော့ ဘယ်လိုဖြစ်လဲဆိုရင် ချေးငွေကို နည်းနည်းပဲ ချေးတယ်။ အဲ့ဒီချေးငွေကို ပြန်ပြီးတော့ လယ်မြေထဲမှာ မရင်းနှီးနိုင်ဘူး။ ဒါမျိုးတွေရှိတယ်" ဟု ဆိုသည်။
"ကိုယ့်ဘက်ကလည်း လုပ်နိုင်တာကို လုပ်ရမယ်။ တစ်ဖက်က ဥပဒေပြုရေး အပိုင်းမှာတော့ ကျွန်မတို့ဘက်က လုပ်နိုင်တာကို တတ်နိုင်သလောက် ကြိုးစားမယ်။ ဒါပေမဲ့ အခုအင်အားနဲ့ကတော့ လုပ်ဖို့ နည်းနည်းခက်တယ်" ဟု ဖြည့်စွက် ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဆိုပါကိစ္စများကို နိုင်ငံတကာ အဖွဲ့များသို့တင်ပြကာ တွန်းအားပေး ဆောင်ရွက်နိုင်သည်များလည်းရှိသည်ဟု ဆိုသည်။ ယင်းပါတီသည် ပြီးခဲ့သည့် ဒသမအကြိမ်လွှတ်တော်တွင် ရွေးကောက်ပွဲ စနစ်များနှင့် ပတ်သက်၍ အပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။