တိုင်းရင်းသား ပူးပေါင်းတပ် သုံးခုနှင့် တပ်မတော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်ရှိ လွယ်ကန်ရွာနှင့် ပန်ဖျက်ရွာ အကြားတွင် အောက်တိုဘာလ ၁၆ရက်နေ့က တိုက်ပွဲဖြစ်ပွားသည်ဟု TNLA သတင်းနှင့်ပြန်ကြားရေး ဌာနမှ ဒု-ပြန်ကြားရေး တာဝန်ခံ တာပန်လ က ပြောသည်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပူးပေါင်းထားသည့် တပ်ဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
TNLA က တပ်မတော် တပ်မ (၉၉)၊ တပ်မ (၁၁) တို့နှင့် မနက် ၁၀ နာရီခန့်မှ စတင်၍ ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။
တာပန်လက "မနေ့ကလဲ ဒီနေရာမှာ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ ခုဆက်ဖြစ်နေတဲ့ နေရာအတိအကျကိုတော့ မိုးတွေရွာနေလို့ ဖုန်းအဆက်သွယ် မရသေးပါဘူး" ဟု ပြောသည်။
အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ တာမိုးညဲမြို့နှင့် နမ့်ခမ်းမြို့တို့တွင် TNLA နှင့် အစိုးရတပ်တို့ ပြင်း ထန်စွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်မှ ၂၉ ဦးခန့်နှင့် TNLA တပ်သားတစ်ဦး သေဆုံးသည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ထို့အတူ နမ္မတူမြို့နှင့် သီပေါမြို့တို့ကို ဆက်သွယ်ထားသော လမ်းမပေါ်ရှိ နမ့်ဆီလင်းရွာအနီးတွင် TNLA တပ်မဟာ-၃ လက်အောက်ခံ တပ်ရင်း ရ၇၃ နှင့် မြန်မာ့တပ်မတော် တပ်မ ရ၇ တို့ အောက်တိုဘာလ ၁၀ ရက်တွင် တိုက်ပွဲ ဖြစ်ပွားသည်ဟု ဆိုသည်။
ယင်းနှင့် စပ်လျဉ်း၍ တပ်မတော်၏ အတည်ပြုချက်ကိုမူ မဇ္စျိမက မရရှိခဲ့ပေ။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် အောက်တိုဘာ ၁၄ ရက် တွေ့ဆုံစဉ် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သတင်း ထုတ်ပြန်နိုင်ရေး အရာရှိကြီးသုံးဦးကို တာဝန်ပေးမည်ဟု ဆိုထားသော်လည်း အကောင်အထည်မပေါ်သေးပေ။