ကော်သူးလေ တပ်မတော်ဖွဲ့ခြင်း အစိုးရကို တိုက်ရန် မဟုတ်ဟုပြော

ကော်သူးလေ တပ်မတော်ဖွဲ့ခြင်း အစိုးရကို တိုက်ရန် မဟုတ်ဟုပြော
by -
မဇ္စျိမ

ကရင် လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်သည် အစိုးရနှင့် တိုက်ခိုက်ရန် ပြင်ဆင်ခြင်းမဟုတ်ဘဲ ကရင်အမျိုးသားရေး လုပ်ငန်းစဉ်များအပေါ် ရပ်တည်လုပ်ဆောင် ရန် ဖြစ်သည်ဟု တပ်မတော်ဖွဲ့စည်းရာတွင် ပါဝင်သူ ဒေါက်တာ တင်မိုသီက အောက်တိုဘာ ၁၆ ရက်တွင် မဇ္စျိမကို ပြောသည်။

“ကော်သူးလေတပ်မတော်က ကရင့်သမိုင်းမှာ ကရင်တွေရဲ့ စုစည်းညီညာမှုအဖြစ်ရှိခဲ့တဲ့ တပ်ဖြစ်တယ်၊ ဒါကိုပြန်သွားတာ ကရင်တွေကြား တစ်ယောက်တစ်ပေါက် မဖြစ်စေချင်လို့ပါ၊ အစိုးရနဲ့ တိုက်ဖို့ခိုက်ဖို့ စိတ်မဝင်စားဘူး" ဟု ၎င်းကဆိုသည်။

အဆိုပါ တပ်မတော်သည် ကရင် လက်နက်ကိုင်တပ်ဖွဲ့များ တစ်ကွဲတစ်ပြားစီ မဖြစ်ခင် ၁၉၅၀ ခုနှစ် ဝန်းကျင်အတွင်း တည်ရှိဖူးသည်ဖြစ်၍ ပြန်လည်ညီညွတ်ရေးကို ရှေးရှုကာ စုစည်းထားခြင်းဖြစ် သည်ဟု  ဒေါက်တာတင်မိုသီက ပြောသည်။

ကော်သူးလေဆိုသည်မှာ ကရင်ဘာသာစကားအရ ကရင်ပြည်နယ်ဟု အဓိပ္ပာယ် ရသည်။ ကရင့်အမျိုးသားရေး လုပ်ငန်းစဉ်များကို ယင်းတပ်မတော်မှ တစ်ဆင့်ဖော်ဆောင်ရန် စီစဉ်မည်ဟု ၎င်းကဆိုသည်။

ကော်သူးလေတပ်မတော်မတော်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ပါဝင်၍ အစိုးရနှင့် ဆွေးနွေးနေသည့်  ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နေရာဝင်ယူခြင်း လုပ်မည်မဟုတ်ဟု ဒေါက်တာတင်မိုသီက ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း KNDO၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA တို့ ပါဝင်၍ စက်တင်ဘာ ၁၃ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

KNU ကမူ ထိုသို့ဖွဲ့စည်းခြင်းတွင် ပါ၀င်ခြင်းမရှိသကဲ့သို့ သဘောလည်းမတူဟု နောက်တစ်ရက် ၌ပင် ကြေညာချက်ထုတ်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်မည့် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီ အစည်းအဝေးတွင် သက်ဆိုင်သူတို့ကို ဖြေရှင်းစေမည်ဟု ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးရန်နိုင်က မဇ္စျိမကို ပြောထားသည်။

ဒေါက်တာ တင်မိုသီက ကော်သူးလေတပ်မတော်သည် အစိုးရနှင့် ဆွေးနွေးနေသည့် KNU ၏ လုပ်ငန်းစဉ်များကြောင့် ကရင် လူမျိုးတို့၏ ဓလေ့နှင့် အမျိုးသားရေးတို့ ပျောက်ပျက်မည်ကို စိုးရိမ်နေရပြီး လူနည်းစု၏ နိုင်ငံရေး အကျိုးအမြတ်ဖလှယ်မှုဟု ရှုမြင်ထားသည်ဟု ဆိုသည်။

တပ်ဖွဲ့စည်းရာတွင် ပါ၀င်သည့် DKBA ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်က “ ကျွန်ုပ်တို့အနေဖြင့် ပြင် ဆင်ခြင်း အားနည်းစွာဖြင့် ထုတ်ပြန်ခဲ့မှုကြောင့် အကြမ်းဖက်မယ့် ပုံစံမျိုး ဝေဖန်ခံခဲ့ရပါတယ်၊ ဒါတွေက မှားပါတယ်၊ အဓိက က ကရင့်လက်နက်ကိုင်များ ပေါင်းစည်းရေးကို ရှေ့ရှုခဲ့ပြီး ဆောင်ရွက်ခဲ့တာပါ၊ အခြား မည်သည့်ရည်ရွယ်ချက်မှ မပါရှိပါ" ဟု အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ရှင်းလင်းသည်။

ကော်သူးလေ တပ်မတော်၏ အမျိုးသားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန် DKBA စစ်ဌာနချုပ်ရှိ ရာ ကော်သူမွဲခီး (စုကလိမြို့နယ်ခွဲ၊ ဆုံဆည်းမြိုင်ရွာ) ၌ အောက်တိုဘာလ ၁၉ ရက်တွင် အစည်းအဝေးပြု လုပ်ရန် စီစဉ်ထားသည်။

Most read this week