ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ဆက်သွယ်သည် ဟုဆိုကာ ဒေသခံခြောက်ဦးကို ကိုးရက်ကြာ စစ်တပ်က ဖမ်းဆီးရိုက်နှက်ခြင်းကို ဖြေရှင်းပေးရန် တိုင်ကြားထားသော်လည်း ယခုအချိန်ထိ မည်သည့် မည်သို့ဖြေရှင်းသည်ကို မသိရှိရကြောင်း အရှို ချင်းအမျိုးသားပါတီ တွဲဖက် အတွင်းရေးမှုးက ပြောသည်။
"အခု ဒီလိုဖြစ်သွားတဲ့အပေါ် ဒေသခံသူတွေက အဲဒီ့တပ်ရင်းကို ဒီနေရာမှာမရှိစေချင်ဘူး။ ပြောင်းရွေ့ သွားစေချင်တယ်" ဟု အပစ်အခက်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့မှ ဦးစိန်သောင်းကပြောသည်။
ပလက်ဝမြို့နယ် ကုန်းပြင်ကျေးရွာရှိ တောင်သူခြောက်ဦးကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခလရ (၃၄၄)က စက်တင်ဘာ ၄ရက်တွင် ဖမ်းဆီးကာ ယာတဲတွင် ကိုးရက်ကြာ တုပ်နှောင်ရိုက်နှက်ခဲ့ပြီး ၎င်းတို့ ကြိုတင် ရေးသားထားသည့် ၀န်ခံဂတိပြုစာရွက်ပေါ်တွင် အတင်းအကြပ် လက်မှတ်ရေးထိုးစေခိုင်းခြင်း များ ပြုလုပ်ခဲ့သည် ဟု ချင်းပြည်နယ် ပလက်ဝဒေသခံ တိုင်းရင်းသားများ လူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ချင်းပြည်နယ် အပစ်ခက်ရပ်စဲရေးက စောင့်ကြည့်နေတယ်။ ကျွန်တော်တို့ လူအခွင့်အရေးဘက် ကတော့ ဒေသခံတိုင်းရင်းသားတွေ လူ့အခွင့်အရေး ချိုးဖောက်မှု စောင့်ကြည်သူများအနေနဲ့ကတော့ ဒါသည် တပ်မတော်ပေါ်မှာ အမြင်လွဲမှားစေတယ်။ ယုံကြည်မှုတည်ဆောက်နေတဲ့ အချိန်ခါမှာ ယုံ ကြည်မှုပျက်ပြားစေ တယ်"ဟု ငြိမ်းချမ်းမြန်မာ အဖွဲ့အစည်းမှ တည်ထောင်သူ ဆလိုင်းအိုက်ဇက်ခင်က သုံးသပ်ပြောဆိုသည်။
ကုန်းပြင်ကျေးရွာရှိ တောင်သူများ တောင်ယာကောက်သစ်စားပွဲတွင် ချင်းအမျိုးသားတပ်ဦး (CNF) မှ တပ်သားသုံးဦး ရောက်ရှိခဲ့ပြီး ၎င်းတို့ပြန်သွားချိန်တွင် စစ်တပ်ကရောက်ရှိလာပြီး တောင်သူများကို ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ကွန်းချောင်းကျေးရွာတွင်လည်း သြဂုတ်အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်တပ်မှ တာဝန်ရှိသူများက ရိုက်နှက်မှုများရှိခဲ့ပြီး ယင်းဖြစ်စဉ်ကိုဖြေရှင်းပေးမှု မရှိဟု ဆိုသည်။
ချင်းပြည်နယ်အတွင်း လူ့ အခွင့်အရေး ချိုးဖောက်မှုကို ဖြေရှင်းပေးရန် ကာကွယ်ရေးဦးစီးချုပ် နေပြည်တော်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့ ပြည်နယ် အစိုးရ အဖွဲ့၊ ဟားခါးမြို့ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ဟားခါးမြိ်ု့သစ်တောနှင့် သတ္တုရေးရာဝန်ကြီး၊ ဟားခါးမြိ်ု့သို့ စက်တင်ဘာ ၂၆ ရက်က တိုင်ကြားခဲ့သည်။