မြန်မာနှစ်ဦးကို လူသတ်တရားခံအဖြစ် စွပ်စွဲထားသည့် ရဲကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်စစ်မည်

မြန်မာနှစ်ဦးကို လူသတ်တရားခံအဖြစ် စွပ်စွဲထားသည့် ရဲကို ထိုင်းလူ့အခွင့်အရေး ကော်မရှင်စစ်မည်
by -
မဇ္စျိမ

ထိုင်းနိုင်ငံလိပ်ကျွန်း၌ ဗြိတိန်စုံတွဲ သတ်ခံရမှုတွင် မြန်မာနှစ်ဦး ကျူးလွန်းသည်ဟုဆိုကာ ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ကို ထိုင်းလူ့အခွင့်အရေးကော်မရှင်က စစ်ဆေးတော့မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူ အချို့က မဇ္စျိမကို ပြောသည်။

"ရက်အတိအကျတော့ သေချာမသိရသေးဘူး"ဟု မြန်မာသံရုံး ဦးဆောင်သည့် စုံစမ်းရေးအဖွဲ့မှ ဦးမင်းဦး က ပြောသည်။

Thailand-Suspects-6

လူသတ်မှုစစ်ဆေးရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ကော်မရှင်က စစ်ဆေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု စုံစမ်းရေးအဖွဲ့ဝင်တို့က ဆိုသည်။

စွပ်စွဲခံမြန်မာနှစ်ယောက်အနေဖြင့် ရင်ဘတ်နာကျင်ဝေဒနာကို ခံစားနေရသည်ဟု မြန်မာသံရုံးအထူးအဖွဲ့နှင့် ပထမဆုံး အကြိမ်တွေ့ဆုံစဉ်ကပင် ပြောဆိုခဲ့ပြီး ထိုင်းသတင်းဌာနများတွင်လည်း ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများတွင် နှိပ်စက်ညှင်းပန်းမှုများ ရှိနေသည်ဟု ဝေဖန်နေကြသည်။

ယင်းအပြင် အောက်တိုဘာ ၁၄ရက် ကော့စမွေ တရားရုံးတွင် ရဲတပ်ဖွဲ့၏ တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးစဉ် စွပ်စွဲခံရသူတို့ ကျူးလွန်ကြောင်း သက်သေမပြနိုင်ခဲ့ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

စစ်ဆေးရာနေရာကို မြန်မာ စုံစမ်းရေးအဖွဲဝင် ခြောက်ဦးနှင့် အမှုရင်ဆိုင်ရန် သံရုံးက ငှားရမ်းထားသည့် ထိုင်းနာမည်ကြီးရှေ့နေ ခမွန်တို့ သွားရောက်ကြခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးပြီးနောက် ထိုင်းရဲတပ်ဖွဲ့က သက်သေစုဆောင်းနိုင်ရေး ရက်တိုးမြှင့်ပေးရန် တောင်းခံရာတွင် လည်း ကော့စမွေ တရားရုံးက ပယ်ချလိုက်သည်ဟု မြန်မာသံရုံးအဖွဲ့က ပြောသည်။ ထို့ပြင် စုစုပေါင်း အမှု စစ်ဆေးချိန်ကိုလည်း သုံးလအတွင်း အပြီးသတ်ရန် တရားရုံးက အမိန့်ချလိုက်သည်ဟု ဆိုသည်။

အမှုကို ထိုင်းအစိုးရ ဥပဒေရုံးက အောက်တိုဘာ ၈ရက်တွင် သက်သေမခိုင်လုံဟု ဆိုကာ ပယ်ချထားပြီး ထိုင်းရဲတပ်ဖွဲ့ကို ပြန်လည်စစ်ဆေးရန် ရက်သတ္တပတ် အချိန်ပေးထားခြင်းဖြစ်သည်။

ယင်းကြောင့် သတ်မှတ်ရက်ကုန်ဆုံးရန် တစ်ရက်သာ လိုတော့ချိန်အထိ ထိုင်းရဲတို့ သက်သေ မခိုင်လုံသေး၍ မြန်မာနှစ်ဦး၏ အမှုမှ လွတ်နိုင်ခြေရှိသည်ဟု သံရုံးတာဝန်ရှိသူတို့က ယူဆကြောင်း ပြောသည်။

မြန်မာနိုင်ငံသားအမှုကို ထိုင်းရှေ့နေ့များကောင်စီမှ ရှေ့နေများကပါ ပါ၀င်ကူညီသည့်အပြင် အမှုတွင် မှန်ကန်သည့် စစ်ဆေးမှုများဖြစ်စေရန် ထိုင်းနိုင်ငံရှိ ဗြိတိန်အမတ်ကြီးကလည်း ထိုင်းမှ တာဝန်ရှိသူတို့ ကို အောက်တိုဘာ ၁၄ရက်တွင် ခေါ်ယူသတိပေးထားသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတို့က ဆိုသည်။

စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီခရိုင် ကောတောင်(ခိုတောင်) ကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုကို ကျူးလွန်သူမှာ မြန်မာနိုင်ငံသား ကိုဇော်လင်းဦးနှင့် ကိုဝင်းဇော်ထွန်းတို့ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week