ကရင်လက်နက်ကိုင်များ တပ်ပေါင်းစု ပြန်လည်ဖွဲ့စည်း

ကရင်လက်နက်ကိုင်များ တပ်ပေါင်းစု ပြန်လည်ဖွဲ့စည်း
by -
မဇ္စျိမ

ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ကြေညာချက် ထုတ်ပြန်

ကရင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ပြန်လည်ဖွဲ့စည်းပြီး ကော်သူးလေ တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အောက်တိုဘာ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ကရင်လက်နက်ကိုင်များဖြစ်သည့် KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့လေးဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး ကော်သူးလေ တပ်မတော် Kawthoolei Armed Forces – KAF တပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကြေညာချက်တွင် DKBA၊ KNU/KNLA-PC ၏ နယ်စပ်လုံခြံုရေးနှင့် ဖွံ့ဖြိုးရေး(အထူး)ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်၊ KNDO ဦးစီးချုပ်၊ KNLA ဒုဦးစီးချုပ်တို့က လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရသည်။

“ကော်သူးလေ တပ်မတော်သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကို တိုင်းရင်းသား တပ်ပေါင်းစုနှင့် ပူးပေါင်း တိုက်ပွဲဝင်သွားမည်” ဟု အဖွဲ့၏ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြပါရှိသည်။

အလားတူပင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းဆောင်ရွက်မှုအပေါ် လွန်စွာ စိုးရိမ်သည်ဟု ဖေါ်ပြထားသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် သုံးနှစ်ကျော်ကြာ လုပ်ဆောင်လာခဲ့ပြီဖြစ်သော်လည်း ယုံကြည်မှု ပျက်ပြားစေသည့် လုပ်ရပ်များ တွေ့နေရသည်ဟုလည်း ဖေါ်ပြထားသည်။

ကရင့်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့စည်းလည်းဖြစ်၊ မြန်မာအစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် ကေအန်ယူ (KNU) အဖွဲ့အား၊ ယခုကြေညာချက်တွင် ဖေါ်ပြထားခြင်းမရှိဘဲ၊ ၎င်းတို့၏ သဘောထားအား မသိရှိရသေးပေ။

Most read this week