ခရီးသွားပြည်သူတို့ သေဆုံးစေ ခဲ့သော ကရင်ပြည်နယ် အတွင်း လက်နက်ကြီး ကျည် ကျ ရောက်မှု များသည် ၎င်းတို့ လုပ်ရပ် မဟုတ်ဟု ဒီမိုကရေစီအကျိုုးပြု ကရင့် တပ်မတော် (DKBA) ကော့ကရိတ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှုးစောသရဲနီက အောက်တိုဘာ ၁၂ ရက် တွင် မဇ္စျိမကိုပြောသည်။
ပြည်သူလေးဦး သေဆုံးခဲ့သည့် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီကားလမ်း ဒေါနတောင်ပေါ်ရှိ အလယ်ဘိုတဲစခန်း အနီး အောက်တိုဘာ ၁၁ ရက်တွင်လက် နက်ကြီးကျည်ကျရောက်မှု၊ ခရီးသည် လေးဦးခန့် ဒဏ်ရာရခဲ့သည့် စက်တင်ဘာလ ၂၉ရက်တွင် ကရင်ပြည်နယ် ကျုံဒိုးမြို့နှင့်သာမညလမ်းပိုင်းကြားရှိသူရိန်ရွာ အနီးတွင် ခရီးသည်တင် ကားတစ်စီးအနီး လက်နက်ကြီး ကျရောက်မှု ဖြစ်စဉ်များအပေါ် DKBA က ငြင်းဆိုခဲ့ ခြင်းဖြစ်သည်။
“ဒီနေရာက ကျနော်တို့နဲ့ အလှမ်းဝေးနေတယ်။ လောလောဆယ် တိုက်ပွဲတွေနဲ့ ခြေရှုပ်နေကြတော့ ဘယ်သူ့ အဖွဲ့ကဆိုတာ မသိဘူး။ ကျနော်တို့ လူတွေကို မေး ကြည့်တော့ ဒီလိုဖြစ်သွားတာကို မသိတဲ့လူက များနေတယ်” ဟု ဗိုလ်မှုးစောသရဲနီက ပြောသည်။
စက်တင်ဘာလ ၂၆ရက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ပြန်လည်စတင်ခဲ့သည့် တပ်မတော် နှင့် DKBA တို့ တိုက်ပွဲများသည် ရက်သတ္တပတ် နှစ်ပတ်ကျော် လာပြီဖြစ်ပြီး အောက်တိုဘာ ၁၀ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ်၊ မဲသဝေါဒေသတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သေးသည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသအခြေစိုက် DKBA ဗိုလ်ဗှူးကြီး စောဘိ၏ ပြောခွင့်ရှိသူ ဗိုလ်မှူး စထူးဝေါ်ကလည်း “ကျွန်တော်တို့ကတိုက်ပွဲဖြစ် တယ်ဆိုရင် ရည်ရွယ်ချက်နဲ့ ထိထိရောက်ရောက်တိုက်တာပါ။ ခုလို ဒေသခံတွေကို ထိခိုက်စေတဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို လုံးဝကို မလုပ်ပါဘူး။ ဒါကြောင့် ဒီဖြစ်ရပ်က DKBA ကလုပ်တာ မဟုတ်ဘူးဆိုတာကို လုံးဝ အာမခံနိုင်ပါတယ်” ဟု ဆိုသည်။
တိုက်ပွဲများအပေါ် အစိုးရတပ်မှ ကာကွယ်ရေး ဦးစီးချူပ်ရုံး( ကြည်း)မှ ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦးနှင့် DKBA အဖွဲ့တို့ပြီးခဲ့သည့်ရက်သတ္တပတ်ကကရင်ပြည် နယ်တွင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ် အစိုးရတို့နှင့် အစိုးရတပ်မတော်ဘက်မှ တာဝန်ရှိသူတို့့ကမူ တိုက်ပွဲသတင်းများ၊ ပြည်သူတို့ ထိခိုက်စေသည့် လက်နက်ကြီးကျည် ကျရောက်မှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မဇ္ဈိမ၏ မေးမြန်းမှု များကို ပြန်လည်ဖြေကြားခြင်းမရှိပေ။
ကရင်ပြည်နယ်အတွင်း ကော့ကရိတ် အခြေစိုက် တပ်မတော် စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချူပ်( စကခ-၁၂) နှင့် လက်အောက်ခံ တပ်ရင်းများ ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်အမျိုးသား တပ်မတော်( DKBA) ၊ ကရင်အမျိုးသား အစည်းအရုံး( KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ( KNU/KNLA Peace Council )၊ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ ( KPF ဟောင်သရော အထူးဒေသ) နှင့် တပ်မတော် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်( BGF) စသော လက်နက်ကိုင် အဖွဲ့များ ရှိသည်။