ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အီးယူအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မီဒီယာများကို သတင်းထုတ်ပြန်ပေးမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ အောက်တိုဘာ ၁၁ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။
အဆိုပါပွဲတွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးမြင့်ထွေးက "အချို့ မြို့နယ်တွေက ရဲတပ်ဖွဲ့တွေဟာ မီဒီယာကို ပြန်ဖြေရမှာ ကြောက်နေတာမျိုးတွေရှိပါတယ်၊ ကျွန်တော်တို့ဘက်က အဲ့ဒီတပ်ဖွဲ့ဝင်တွေကိုခေါ်တွေ့ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်သလို၊ မီဒီယာများအနေနဲ့လည်း ရဲတပ်ဖွဲ့တွေနဲ့ ယုံကြည်မှု ရရှိအောင် တည်ဆောက်သင့်ပါတယ်" ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မီဒီယာများနှင့်ထိတွေ့မှု ပိုမိုရရှိနိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံမှုမျိုးကို တစ်လလျှင် တစ်ကြိမ်ခန့်တွေ့ဆုံနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဒုတိယရဲမှူးကြီး မြင့်ထွေးက ဆိုသည်။
ထို့ပြင်အချို့ ရဲတပ်ဖွဲ့ဝင်များမှ လိုင်းကြေးများကောက်ခံခြင်း၊ အမှုသည်ထံမှ ငွေကြေးကောက်ခံခြင်းများကို လည်း ပိုမိုထိရောက်စွာ တားဆီးနှိမ်နင်းသွားမည်ဟုလည်း ၎င်းကဆိုသည်။
"ရဲတပ်ဖွဲ့ဝင်တွေက လိုင်းကြေးကောက်ခံတာတို့၊ အဂတိလိုက်စားပြီး လာဘ်ငွေယူတာကို သိရရင်ချက်ချင်း အရေးယူသွားမှာပါ၊ ပြည်သူတွေကလည်း ဒါမျိုးတွေကြံုလာရင် အချိန်မရွေး တိုင်ကြားနိုင်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးပြည့်စုံက ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယခုနှစ် ဧပြီမှစတင်၍ အနိမ့်ဆုံးရဲတပ်သား တစ်ဦး၏ ပျှမ်းမျှလစာမှာ ရှစ်သောင်းခန့်ရှိနေသည်ဟု ၎င်းကဆိုသည်။