၁၉၈၂ နိုင်ငံသားစိစစ်မှုဥပဒေကို ရခိုင်ပြည်နယ် ရမ်းဗြဲနှင့် ကျောက်ဖြူတို့တွင် ထပ်မံပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဥက္ကဋ္ဌ ဦးလှသိန်းက အောက်တိုဘာ ၁၀ ရက်တွင် မဇ္ဈိမ ကိုပြောသည်။
“ရမ်းဗြဲနဲ့ ကျောက်ဖြူမှာ လုပ်မယ်လို့ သိထားတယ်။ အဲဒီမှာက ပမာဏနည်းတယ်။ ရမ်းဗြဲဆိုရင်လည်း ကျောက်နီမော်မြို့ပေါ်က ကမန်ရှိတယ်၊ ဘင်္ဂါလီလည်းရှိတယ်။ အဲဒီနှစ်ခုပြီးရင်တော့ သံတွဲမှာဖြစ်နိုင်ခြေရှိ တယ်”ဟု ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။
နိုင်ငံသားစိစစ်မှုကို ဘင်္ဂါလီဟု လက်ခံသူများကိုသာ ပြုလုပ်မည်ဖြစ်ပြီး ဘင်္ဂါလီဦးရေ နည်းပါးသည် ဒေသများတွင် ပြုလုပ်ရန် စီစဉ်ထားသည်။
ဘူးသီးတောင် ၊ မောင်တောတို့တွင်မူ ဘင်္ဂါလီဟု စာရင်းသွင်းသည်ကို လက်မခံသည့် လူဦးရေများပြားပြီး နယ်မြေကျယ် ၀န်းမှုများကြောင့် စိစစ်မှုလက်ခံသည့်အချိန် ရောက်မှသာ ပြုလုပ်မည်ဟု ဦးလှသိန်းက ပြော သည်။
“လာပြီးလျှောက်တဲ့သူတွေ မရှိသေးဘူး။ ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူလုပ်တာ။ ကျွန်တော်တို့က ပူးပေါင်းဆောင် ရွက်တာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်းက ဆိုသည်။
နိုင်ငံသား စိစစ်ခြင်းဆောင်ရွက်မှုကို စက်တင်ဘာ ၁၅ ရက် မြေပုံမြို့နယ်တွင် စတင်ခြင်းဖြစ်သည်။မြေပုံ တောင်ပေါ်ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ ၃,၀၁၀ ဦးမှ ၁,၀၉၄ ဦး စိစစ်ခံခဲ့ပြီး ဥပဒေအရ နိုင်ငံသားဖြစ်သူ ၁၉၆ ဦး အနက် နိုင်ငံသားအဖြစ် ၄၀ ဦးကို စိစစ်ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနစာရင်းများက ဆိုသည်။
“ဥပဒေအရ ဖြစ်လာတဲ့ နိုင်ငံသားအရေအတွက်က များနေတယ်။ အဲဒီဟာကို ရခိုင်တွေက မသင်္ကာဘူး။ ဒါက နောက်ကွယ်မှာ နိုင်ငံရေးနဲ့ ဆက်နွယ်မှုတွေရှိနိုင်တယ်” ဟု ရခိုင်ပြည်နယ် အရေးပေါ်ညှိနှိုင်းရေး အဖွဲ့ဝင် ဦးသာပွင့်က ဆိုသည်။
ဘင်္ဂါလီဟု လက်မခံသူများကမူ မိမိတို့ တွင် လဝကမှထုတ်ပေးထားသည့် နိုင်ငံသားကတ်ပြားများ ရှိနေသဖြင့် ၁၉၈၂ နိုင်ငံသားဥပဒေနှင့် စိစစ်ခံရန်မလိုအပ်ဟု မောင်တောမြို့ခံ ဦးညီညီစိုးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ၁ ဒသမ ၀၉ သန်းထိရှိသည်ဟု လဝကစာရင်းများကဆိုပြီး ယင်းတို့အနက် မြေပုံမြို့ တောင်ပေါ် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီဟု သတ်မှတ်ခြင်းကို လက်ခံသူ ၁,၀၀၀ ကျော်ကို သာစိစစ် မှုများပြုနိုင်သေးသည်။