ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ခံရမှုတွင် မြန်မာနှစ်ဦးအား တရားခံဟုစွပ်စွဲကာ ဖမ်းဆီးထားမှုအား ပြန်လည်သုံးသပ်ပေးရန် ရခိုင်အမျိုးသားကွန်ယက်က အောက်တိုဘာ ၁၁ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။
"မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့အပေါ် တရားဥပဒေနှင့် မညီဘဲ ဖမ်းဆီးထားမှုအား ပြန်လည်သုံးသပ်ပေးစေလို၍ပဲ ဖြစ်ပါတယ်"ဟု အိတ်ဖွင့်စာ ပေးပို့ရခြင်းနှင့် ပတ်သက်၍ ရေးသားထားသည်။
ယင်းအပြင် အိတ်ဖွင့်ပေးစာ၌ အချက်သုံးချက်ပါ တောင်းဆိုချက်များကိုလည်း တောင်းဆိုထားသေးသည်။ ယင်းတောင်းဆိုချက်များတွင် အမှုဖြစ်စဉ်အား ပြန်လည်သုံးသပ်ပြီး တရားဥပဒေနှင့် အညီ ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးရန်၊ အခင်းဖြစ်ရာ ဒေသသည် ထိုင်းမာဖီးယားတို့ ကြီးစိုးပြီး အကြောက်တရားနှင့် အဂတိ လိုက်စားမှုများစွာ ရှိသည့်အတွက် ဆက်စပ်တရားခံအမှန်အား အမြန်ဆုံးရှာဖွေ ဖော်ထုတ်ပေးရန် နှင့် ထိုင်း၊ မြန်မာနှင့် အင်္ဂလန်နိုင်ငံတို့ အနေဖြင့် ရှုတ်ထွေးနေသည့် ယင်းအမှုအား သံတမန်ရေးအရ ယခုထက် ပိုမို ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော လူငယ်နှစ်ဦး၏ မိဘများကို ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရေးအတွက် ရခိုင်အဖွဲ့အစည်းများက ကူညီသွားမည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က မဇ္စျိမကိုပြောသည်။ ၎င်းတို့နှစ်ဦး၏ မိဘများမှာ အောက်တိုဘာ ၁၂ရက်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရန် ရခိုင်အမျိုးသားကွန်ယက်က လိုအပ်သည့် အကူအညီများ ပေးမည်ဖြစ်သည်။
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုတွင် စွပ်စွဲကာ ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ ဖြစ်သည်။