ဆီးသီးသည် ဗန်းမှောက်မှု ဓာတ်ပုံနှင့်တကွ သက်သေများ ရရှိထားဟု အမတ်တို့ပြော

ဆီးသီးသည် ဗန်းမှောက်မှု ဓာတ်ပုံနှင့်တကွ သက်သေများ ရရှိထားဟု အမတ်တို့ပြော
by -
မဇ္စျိမ

စံချိန်၊ စံညွှန်းမမီ ဆောက်လုပ်ထားသော ပြည်သူပိုင်လမ်း၊ တံတား၊ အဆောက်အအုံများကို သက်သေပြရန် ဓာတ်ပုံမှတ်တမ်းနှင့် အချက်အလက်များ ရရှိထားပြီဟု အမျိုးသားလွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

ယင်းတို့ကို နိုင်ငံတော် သမ္မတထံ တင်ပြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ညွှန်ကြားချက် အတိုင်း သီတင်းကျွတ်ကာလ လွှတ်တော်နားရက်အတွင်း လွှတ်တော်အမတ်များ ကစုဆောင်းနေခြင်း ဖြစ်သည်။

“တချို့တံတားတွေဆိုရင် အသစ်မလုပ်ဘဲနဲ့ ဆက်လုပ်ပြီးတော့ အသစ်လိုလို ဘာလိုလို လုပ်ထားတာတွေ ရှိတယ်။ တချို့လမ်းတွေကလည်းလုပ်ပြီးလို့ တစ်လနှစ်လအတွင်းမှာ ပျက်တဲ့လမ်း တွေရှိပါတယ်။ ဓာတ်ပုံက အဓိကပဲ တင်ပြမှာပါ။ ဓာတ်ပုံရိုက်ထားတာတွေလည်း ရှိပါတယ်” ဟု ရခိုင်ပြည်နယ်အမတ် ဦးခင်မောင်လတ်က ပြောသည်။

ယင်းအကြောင်းမှာ စံချိန်စံညွှန်းမမီသည့် အဆောက်အအုံများကြောင့် ပြည်သူ့ဘဏ္ဍာများသည် ဆီးသီးဗန်း မှောက်၍ ဟိုလူနှိုက်စား ဒီလူနှိုက်စား ဖြစ်နေသည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက စက်တင်ဘာလအတွင်း ဝေဖန်ရာမှ စတင်ခြင်း ဖြစ်သည်။ထိုသို့ ပြောဆိုခြင်းကို တိကျခိုင်မာသည့် အချက်အလက်များ ကိုးကားပြီးမှ ဝေဖန်သင့်သည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ရာ ယင်းကိုသက်သေပြ ရန် ဦးခင်အောင်မြင့်က ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ချင်းပြည်နယ်မှ အမျိုးသား လွှတ်တော်အမတ် ဦးဆလိုင်းခွဲယန်ကလည်း “ပလက်ဝမြို့နယ်ထဲက တိုင်ဝကျေး လက် ကျန်းမာရေးဌာနခွဲကလည်း အဆောက်အအုံဖြစ်ရုံပဲ ဆောက်ထားတယ်ပြောတယ်။ အခု ဓာတ်ပုံတောင်း ထားတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ စံချိန်၊ စံညွှန်းမမီသည့် အဆောက်အအုံများမှာ မြို့ပြနေရာများတွင် လူသူအရောက်အပေါက် နည်းသည့် ဝေးလံခေါင်သီဒေသများတွင် အဖြစ်များသည်ဟု လွှတ်တော်အမတ်များက သုံးသပ်ကြသည်။

လွှတ်တော်နားရက်အတွင်း ၎င်း၏ မဲဆန္ဒနယ်သို့ ကွင်းဆင်းနေသည့် မကွေးတိုင်းမှ အမျိုးသားလွှတ်တော် အမတ် ဦးလှဆွေက “လောင်းရှည်မှာရှိတဲ့ အထက်တန်းကျောင်းကတော့ ပုံတွေရပြီ။ အဲ့ဒီမှာ တိုင်ငါးဆယ် ရှိတာအားလုံး အဆက်တွေလုပ်ထားတယ်။ အထက် တန်းကျောင်းက နှစ်ထပ်ကျောင်းဆောင်ပေ့ါနော်။ အဲ့ဒီ အဆက်ရာတွေကို ကျွန်တော်ကိုယ်တိုင်ဓာတ်ပုံရိုက်ထားတာ” ဟု မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းစံမင်းကမူ ၎င်း မဲဆန္ဒနယ်အတွင်း ပြည်သူ့ဘဏ္ဍာငွေ ဖြင့် ဆောက်လုပ်နေသည့် အဆောက်အအုံများကို ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးဖြင့် ကွင်းဆင်း စစ်ဆေးမည်ဟု ဆိုသည်။

ဒေါက်တာဗညားအောင်မိုး၊ စောအောင်ကျော်နိုင်၊ ဦးခင်မောင်လတ် အစရှိသည့် အမျိုးသား လွှတ်တော်အမတ်တို့ကလည်း ယင်းအရေး ဆောင်ရွက်နေ ပြီဟုပြောသည်။

အမျိုးသားလွှတ်တော် အစည်းအဝေးကို ယခုလ ၁၃ ရက်တွင် ပြန်လည်ကျင်းပရန် လျာထားပြီး လွှတ်တော်အမတ် အများစုက ယခုကိစ္စနှင့်စပ်လျဉ်းသည့် အထောက်အထားများ တင်ပြကြမည် ဖြစ်သည်။

Most read this week