အကျဉ်းကျ လူငယ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် မော်တော်ယာဉ် စက်ပြင်သင်တန်း ထည့်သွင်းသင်ကြား

အကျဉ်းကျ လူငယ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် မော်တော်ယာဉ် စက်ပြင်သင်တန်း ထည့်သွင်းသင်ကြား
by -
မဇ္စျိမ

မန္တလေး အိုးဘို အကျဉ်းထောင်အတွင်းရှိ အကျဉ်းကျလူငယ်များကို အသက်မွေးဝမ်းကျောင်းအဖြစ် မော်တော်ယာဉ် စက်ပြင်သင်တန်းထည့်သွင်း သင်ကြားပေးလျက်ရှိသည်ဟု အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါသင်ကြားပေးမှုကို စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မော်တော်ယာဉ် စက်ပြင် သင်တန်း၊ စက်ချုပ် သင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်းနှင့် အိမ်တွင်းလက်မှုပညာ သင်တန်းများ သင်ကြားပေးလျက်ရှိသည်။

"ကျွန်တော်တို့ စီစဉ်နေတာကြာပြီ။ အကြောင်းအမျိုးမျိုးကြောင့် မဖွင့်ဖြစ်ဘူး။ သင်တန်းတက်မယ့် သူတွေကိုလည်း စိစစ်ရတယ်။ သူတို့စိတ် ဘယ်လိုရှိတယ်ဆိုတာ မသိရဘူး။ သူတို့ ပင်ကိုစရိုက်ကိုလည်း သုံးသပ်ရတယ်။ အမှန်တကယ်သင်ကြား ချင်သူအတွက်ပဲ လုပ်ပေးနိုင်တယ်။ ထောင်ကို ရောက်လာကတည်းက ကောင်းလို့ ရောက်လာတာ မဟုတ်ဘူး။ အပြစ်ကိုယ်စီနဲ့ ရောက်လာတာ ဒါတွေကို လမ်းမှန်ရောက်အောင် ဘဝမှန်ရောက်အောင်လို့ လုပ်ပေးနေတာပါ" ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ထောင်မှ ထွက်သွားပြီးနောက် အပြင်လောကတွင် ရိုးရိုးသားသားလုပ်ကိုင် စားသောက် ရပ်တည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်သင်ကြားပေးခြင်းဖြစ်သည်။

"ထောင်ထဲကိုရောက်လာတဲ့ သူတွေထဲမှာ ကံကြမ္မာအကျိုးပေးကြောင့် ခိုးဆိုးနှိုက် လုယက်ပြီး ကျလာတွေရှိတယ်။ သူတို့ကို ဒီက ဖွင့်တဲ့ပညာတွေ သင်ပေးမယ်။ ဒီကထွက်တာနဲ့အပြင်မှာ ရပ်တည်လုပ်ကိုင်နိုင်မယ်။ မှုခင်း ကျဆင်းရေးအတွက်လည်း အထောက်အကူပြုတာ" ဟု ၎င်းက ပြောသည်။အကျဉ်းသားများ သင်တန်းတက်နိုင် ရန် စည်းကမ်းချက်များ တရားဝင် သတ်မှတ်ထားခြင်းမရှိဘဲ အမှန်တကယ် စိတ်ပါဝင်စားသူများသာ တက်ရောက်ခွင့်ပြုသွားမည် ဖြစ်သည်။

"စည်းကမ်းတွေ သတ်မှတ်ထားတာ မရှိဘူး။ သူတို့နဲ့ဆိုင်တဲ့ ဘုတ်အဖွဲ့တွေမှာ စာရင်းပေးရုံပဲ။ အဲဒီ စာရင်းပေးသူတွေကို စောင့်ကြည့်စိစစ်ပြီး တက်ခွင့်ပေးသွားမယ်။ ဒီလိုစိစစ်တာလည်း တချို့က အချုပ်သားတွေက သက်သာအောင်လို့ သင်တန်းလာတက်မှာကို စိုးရိမ်လို့ပါ။ အမှန်တကယ် သင်ချင်သူတွေအတွက်ကတော့ လက်ခံသွားမှာပါ။ လောလောဆယ်တော့ လူဦးရေ ကန့်သတ်ထားတာ မရှိသေးဘူး" ဟု တာဝန်ရှိသူက ဆိုသည်။

အဆိုပါ သင်တန်းတွင် တက်ရောက်သူများအား ပြစ်ဒဏ်ပေါ်မူတည်၍ ကိုက်ညီမည့်သင်တန်းများကို တက်ရောက်ခွင့်ရပြီး၊ ပြစ်ဒဏ်သုံးနှစ်ရှိသူကို သုံးနှစ်အတွင်း တတ်မည့်ပညာများ၊ ပြစ်ဒဏ်တစ်နှစ် ကျသူများကို တစ်နှစ်ဖြင့် တတ်မြောက်မည့် ပညာများ သင်ကြားပေးသွားမည်ဖြစ်သည်။ ပြင်ပမှ အတတ်ပညာရှင်များက ပညာဒါန လာရောက်ပြုနိုင်မည်ဖြစ်သည်။

Most read this week