လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောက်လှမ်းရေးဟောင်းများ လွတ်မြောက်၊ နိုင်ငံရေး အကျဉ်းသားများ မပါခြင်းကြောင့် ဝေဖန်မှုများထွက်ပေါ်

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောက်လှမ်းရေးဟောင်းများ လွတ်မြောက်၊ နိုင်ငံရေး အကျဉ်းသားများ မပါခြင်းကြောင့် ဝေဖန်မှုများထွက်ပေါ်
by -
မဇ္စျိမ

သမ္မတ ဦးသိန်းစိန်၏ အစိုးရသက်တမ်းအတွင်း အရေအတွက်အများဆုံး လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား သုံးထောင်ကျော်ကို စက်တင်ဘာ ရ ရက်က လွှတ်ပေးလိုက်သည်။

ယင်းတို့အနက် စစ်အစိုးရလက်ထက်က ဖမ်းဆီးထားသော တပ်မတော်ထောက်လှမ်းရေး အရာရှိကြီးများ ပါဝင်သော်လည်း နိုင်ငံရေးအကျဉ်းသားစာရင်းဝင်များနှင့် လယ်ယာမြေပြန်ရရေး လှုပ်ရှားသူများ ပါဝင်လာခြင်းမရှိဟု လက်ကျန်နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်သော တပ်မတော်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်(ဟောင်း) ဦးသိန်းဆွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာ ရ ရက် ညနေပိုင်းက တွေ့ရစဉ်။

သို့သော် ယခုလွှတ်ပေးခဲ့သည့် အကျဉ်းသား သုံးထောင်ကျော်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးသာ ပါဝင်သည်ဟု လက်ကျန် နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က မဇ္ဈိမကို ပြောသည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုမှ တစ်ဦးသာ ပါသည်ဟုဆိုသည်။ "သုံးထောင်ကျော်ထဲမှာ နိုင်ကျဉ်းတစ်ယောက်ပဲပါတာက ခုချိန်ထိ နိုင်ငံရေးပြောင်းလဲမှုက စစ်မှန်မှု မရှိသေးဘူး ဆိုတာပဲ။ မြန်မာနိုင်ငံမှာ နိုင်ကျဉ်းလို့ ရဲရဲတင်းတင်း သတ်မှတ်မှု မရှိသေးဘူး။ မသတ်မှတ်လို့ မပါလာတာ၊ စစ်မှန်တဲ့ အပြောင်းအလဲ အခြေအနေမဟုတ်လို့" ဟု ၎င်းက ပြောသည်။

သမ္မတက ဝါကျွတ်ကာလအတွင်း လူသားချင်း စာနာထောက်ထားသောအားဖြင့်ဟုဆိုကာ နိုင်ငံခြားသား အကျဉ်းသား ၅၈ဦး အပါအဝင် စုစုပေါင်း ၃.ဝ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်သည်။

ယင်းတွင် တပ်မတော် ထောက်လှမ်းရေးအရာရှိဟောင်း ရှစ်ဦး ပါဝင်သည်ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ တပ်တော်အရာရှိဟောင်းများဖြစ်သည့် ဗိုလ်မှူးချုပ် သိန်းဆွေ၊ ဗိုလ်မှူးကြီး တင်လှ၊ ဗိုလ်မှူးကြီး မင်းသူ၊ ဗိုလ်မှူးကြီး အောင်ဇော်၊ ဗိုလ်မှူးကြီး မောင်မောင်သန်း၊ ဒုတိယဗိုလ်မှူးကြီး မြင့်ဦး ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး နိုင်ဌေးနှင့် ဦးခင်ညွန့်၏ သားမက်ဖြစ်သူ ဦးတင်ထွဋ်တို့ ပါဝင်သည်ဟု ဆိုသည်။

လွတ်မြောက်လာသူ တပ်မတော် ထောက်လှမ်းရေးဟောင်းများအတွင်း အဆင့်မြင့်ဆုံးအရာရှိ ဖြစ်သည့် ဦးသိန်းဆွေက မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်တော့မည်မဟုတ်ဟု ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက "နိုင်ငံရေးအရတော့ ဒီအုပ်စုက ပြန်ပြီးတော့ အရေးပါလာစရာ မရှိတော့ပါဘူး" ဟု သုံးသပ်သည်။

လယ်ယာမြေပြန်ရရေး လှုပ်ရှားသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ပါဝင်လာခြင်းမရှိဟု ကာယကံရှင် မိသားစုအချို့က မဇ္ဈိမကို အတည်ပြုသည်။

"အကျဉ်းသားတွေ ဒီနေ့လွတ်တယ်ဆိုတော့ သူပြန်ပါလာမလားဆိုပြီး ကျွန်မလည်း ဝမ်းသာအားရနဲ့ ဖုန်းတွေ လိုက်ဆက်ကြည့်တာပေါ့၊ ဒါပေမဲ့ ပါလာတာ မတွေ့ဘူး" ဟု မီတာခတိုးမြှင့်ခြင်းကို အကြောင်းမကြားဘဲ ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ဦးဝင်းချို၏ ဇနီးဖြစ်သူက ပြောသည်။

ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းကလည်း လယ်ယာမြေအရေး ဖမ်းဆီးထောင်ချရုံဖြင့် မဖြေရှင်းနိုင်သကဲ့သို့ ပြစ်ဒဏ်ချထားသူများအား ပြန်လွှတ်သင့်သည်ဟု သုံးသပ်သည်။

အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေကမူ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရန်ရှိသည့် အမေရိကန် သမ္မတ အိုဘားမား ခရီစဉ်ကြောင့် လွှတ်ပေးခြင်းမဟုတ်နိုင်ဟု သုံးသပ်သည်။

သို့သော် "အိုဘားမားလာမှာမို့လို့ ဖားယားပြီးတော့ လွှတ်တယ်လို့တော့ မထင်ဘူး။ ကျွန်တော်တစ်ခု ဝေဖန်ချင်တာက သမ္မတကြီးတက်လာတုန်းက ရုံခါသလို အများကြီးလွှတ်ပေးလိုက်ရင် ပိုကောင်းတယ်။ ဝုန်းကနဲလွှတ်ပေး၊ ပြဿနာတက်ရင် ပြန်ဖမ်းပေါ။့ အခုက သမ္မတကြီးနဲ့ အစိုးရရဲ့ သဘောထားက သူလုပ်ချင်မှ ထလုပ်တာ။ ဆိုလိုတာကတော့ ကျေးဇူးတင်ခံချင်တာပေါ့နော်" ဟု ၎င်းက မှတ်ချက်ပြုသည်။

ယခုတစ်ကြိမ်သည် ဦးသိန်းစိန် အစိုးရလက်ထက် ၁၅ ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ခြင်းဖြစ်ပြီး ယနေ့အထိ အကျဉ်းသားစုစုပေါင်း ၄,၂၀ဝ ကျော် လွတ်မြောက်ထားသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီ၏ စာရင်းအရ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ရ၅ ဦး ကျန်နေသည်။