တရားလိုပြ သက်သေများစွာ၊ တရားခံပြ သက်သေများစွာတို့နှင့် ယုံကြည်အပ်နှံအလွဲသုံးမှု၊ နိုင်ငံတော်အကြည် ညိုပျက်စေမှုတို့ဖြင့် တရားစွဲဆိုခံထားရသော ဦးဆန်းဆင့်အား လာမည့် အောက်တိုဘာလ ၁၄ ရက် ရုံးချိန်းတွင် နောက်ဆုံးလျှောက်လဲချက်တင်ရမည်ဟု ဦးဆန်းဆင့်၏ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက အတည်ပြု ပြောသည်။
ရှေ့နေဦးတင်ထွန်းက “တရားခံပြသက်သေ တစ်ယောက်ပဲကျန်တာ သောကြာနေ့၊ အောက်တိုဘာလ ၁၀ ရက်မှာ စစ်ပြီး အောက်တိုဘာ ၁၄ ရက်နေ့ (အင်္ဂါနေ့) မှာ နောက်ဆုံးလျှောက်လဲချက်တင်ရမယ်” ဟု မဇ္စျိမကို တယ်လီဖုန်းမှတစ်ဆင့်ဖြေကြားသည်။
ပြစ်မှုကြီးမှု ၄၁/၂၀၁၄ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံအလွဲသုံးမှုအတွက် သက်သေများ လာရောက်ခြင်း မရှိသည့် အတွက် စစ်ဆေးခြင်းမပြုခဲ့ဘဲ၊ ပြစ်မှုကြီးမှု ၄၂/၂၀၁၄ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှု အတွက်ကိုမူ ဦးလှစိုး၊ ဒေါ်မြစီ၊ ဦးသောင်းအေး နှင့် ဒေါ်ဟေမာန်(ခ) မမ (HOT NEWS) ဂျာနယ် အယ်ဒီတာချုပ်တို့အား စစ်ဆေးခဲ့သည်။
တရားလိုပြသက်သေ ၂၈ ဦးနှင့် တရားခံပြသက်သေ ၃၆ ဦးရှိသည့်အနက် အချို့သော သက်သေများလာ ရောက်အစစ်ဆေးမခံခဲ့သည်များ ရှိခဲ့ပြီး တရားခံပြသက်သေစစ်ဆေးရန် ရုံးချိန်းတစ်ချိန်းသာ ကျန်ရှိတော့သည်။
ထို့ပြင်သာသနာရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် ဖမ်းဆီးထိန်းသိမ်းခံရစေရန် အကြောင်းဖန်သည့် သဘော သက်ရောက်နေသည်ဟုလည်း ၎င်းက ဆိုသည်။
သန္တိသုခအရေးနှင့် စပ်လျဉ်း၍မူ ဦးဆန်းဆင့်က “မဟာသန္ဒိသုခနဲ့ ပတ်သက်လို့ ရပ်တည်ချက်က မှန်ပါတယ်။ သံဃမဟာနာယက ဆရာတော်၊ သံဃာတော် (မဟန)က မှန်ကန်တဲ့အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်” ဟု ဒုတိယအကြိမ် ရုံးထုတ်စဉ် ပြောခြင်းဖြစ်သည်။
ပီနန်ဆရာတော်နှင့် နိုင်ငံတော် သံဃမဟာနာယက (မဟန)တို့ သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွား နေချိန်တွင် ၎င်းသည် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဇွန်၁၁ ရက် ပီနန်ဆရာတော် ပြည်ပ ခရီးထွက်ခွာနေစဉ် ညပိုင်း၌ ရဲတပ်ဖွဲ့နှင့် မဟနတို့က ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ပီနန်ဆရာတော်၏ တပည့်သံဃာငါးပါးကို ဖမ်းဆီးခဲ့ကာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် သာသနာရေး ဦးစီးဌာနက တရားစွဲဆိုသည်။
အဆိုပါဖြစ်စဉ်အပြီး ဇွန် ၁၉ ရက်တွင် ဦးဆန်းဆင့်ကို ဖမ်းဆီးခဲ့ပြီး ရမည်းသင်း အကျဉ်းထောင်၌ ချုပ်နှောင်ထားကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ယုံကြည်အပ်နှံရေးအလွဲသုံးမှု ပုဒ်မ ၄၀၉/၁၀၉ ဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။
ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “သန္တိသုခကိစ္စကလည်း အကြောင်းတစ်ခု ပါ၀င်ပါတယ်” ဟု ဇွန်လ ၂၀ ရက် ပြည်သူ့လွှတ်တော်ခန်းမအပြင်ဘက်တွင် မဇ္ဈိမကို မှတ်ချက်ပြုခဲ့သည်။
ဦးဆန်းဆင့်ကမူ “ဒါဟာအလွန်ပဲ မတရားပြုလုပ်မှုတစ်ခုလို့ပဲ သုံးသပ်ပါတယ်” ဟု ဆိုသည်။
ဦးဆန်းဆင့်သည် သာသနာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့မထမ်းဆောင်မီ ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုစဉ်က တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၏ အစိုးရအဖွဲ့နှင့် အငြင်းပွားမှုများရှိခဲ့ပြီး တိုင်းဝန်ကြီးတစ်ဦးကို စွပ်စွဲပြစ်တင်ရန် စီစဉ်သည်အထိပင် ရှိဖူးသည်။ ယင်းဖြစ်စဉ် ကြောင့် မိခင်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ထိုစဉ်က) ဦးဌေးဦးနှင့်လည်း လူသိရှင်ကြား ငြင်းခုန်ခဲ့ကြဖူးသည်။
တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်း က “(၁၁) ကြိမ်မြောက် ရုံးချိန်းတုန်းက ဦးစိုးဝင်းနဲ့ ဦးမြင့်ဆွေတို့ အကောင်အထည်ဖော်တဲ့ မဟာသိန္တိသုခကျောင်းတိုက်ကိစ္စမှာ ဦးဆန်းဆင့် မပါဝင်ကြောင်း ထွက်ဆိုသွားတယ်။ တို့နဲ့ မဆိုင်တာမပါတာဆို မပြောချင်ဘူး” ဟု သြဂုတ်လ ၂၉ ရက် တရားခွင်တွင် ထွက်ဆိုခဲ့သည်။