ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ အောက်တိုဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည် ဟု UNFC ၏ တွဲဘက် အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
“အတွင်းနဲ့အပြင် ညီညွတ်ရေး တည်ဆောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲရေးတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်ကြဖို့ပါ့လေ” ဟု ခွန်ဥက္ကာ က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ရန်ကုန်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကောင်မတီ UWPC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရရှိခဲ့သော အချက်များကို UNFC ဘက်မှ ပြန်လည် တင်ပြခဲ့သည်ဟု SNLD မှ အတွင်းရေးမှူး စိုင်းညွန့်လွင် က ပြောသည်။
“ကျနော်တို့ဘက်က KNU နဲ့ ပြောခဲ့တာတွေ ပြောပြတာပါ။ သူတို့ဘက်က NCA လက်မှတ်ရေးထိုးရေးကိစ္စတွေ ရှိသေးတယ်။ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းတာတွေ၊ ညှိလို့မရတာတွေ ရှိတယ်။ တော်လှန်ရေးဆိုတဲ့ စကားလုံး အရင်တုန်းကတော့ သဘောတူညီပြီး ဆွေးနွေးနေရတဲ့ဟာတွေ ပြောတယ်” ဟု သူက မဇ္စျိမ ကို ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ဘန်ကောက်မြို့တွင် ပြုလုပ်သော ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့နှင့် ရှမ်းနိုင်ငံရေးပါတီ ၂ ခုမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူတူးဆေးဖူး က UNFC နှင့် နုတ်ထွက်ခဲ့ရသည့်ကိစ္စနှင့် ပတ်သက်၍ ပြောဆိုခဲ့မှုကို SNLD က UNFC ကို ပြန်လည် ပြောပြခဲ့သည်ဟု စိုင်းညွန့်လွင် က ပြောသည်။
UNFC မှ နုတ်ထွက်ရသည့် အခက်အခဲ၊ အယူအဆများ ရှိနေမှုအပေါ် ပြန်လည် ပေါင်းစည်းပြီး ညီညီညွတ်ညွတ် ပူးပေါင်း လုပ်ဆောင်ရန် လိုလားသည်ဟု “ကျနော်တို့က ညီညွတ်ရေးက အကောင်းဆုံး။ အားလုံး ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့လုပ်တာ ပိုကောင်းတယ်ပေါ့” ဟု ပြောဆိုခဲ့သည်ဟု သူက ပြောသည်။
အောက်တိုဘာလ ၂ ရက်မှ ၄ ရက်ထိ SNLD ပါတီ အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တိုးတက်ရေးပါတီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်(SSPP/SSA)နှင့် ဆင်ကျော့ဌာနပြည်သူ့စစ် တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၃၁ ရက်က ပြုလုပ်သော UNFC ညီလာခံတွင် ဗဟိုချုပ်ကိုင်မှုနည်းသော ပုံစံဖြင့် ဖွဲ့စည်းသွားရန် KNU ၏ တင်ပြခဲ့မှုအပေါ် အဖွဲ့ဝင်များက လက်ခံခြင်း မရှိသဖြင့် ဗဟိုနှင့် ဆက်လက် ညှိနှိုင်းမည်ဟု ပြောဆိုကာ ညီလာခံမှ ထွက်ခွာခဲ့သည်။ ထိုနောက် စက်တင်ဘာလ ၁ ရက်တွင် UNFC အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း KNU က စာပေးပို့ခြင်း ဖြစ်သည်။
ယခု ဆွေးနွေးပွဲတွင် UNFC ဥက္ကဌ အင်ဘန်လ၊ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်၊ ခွန်ဥက္ကာ၊ နိုင်ဟံသာတို့ ပါဝင် တက်ရောက်ခဲ့ပြီး SNLD ဘက်မှ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နယက ဗိုလ်ချုပ် ဆေထင် တို့က နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီထိ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ တွေ့ဆုံမှုကြောင့် ညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ညီညွတ်ရေးကို ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတို့အတွက်လည်း ညီညွတ်ရေးတွင်လည်း အပြန်အလှန်နားလည်မှု ရရှိသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။