မောက်မယ်အနီး ခရီးသွားသူများ လက်နက်ဖြင့် တိုက်ခိုက်ခံရ

မောက်မယ်အနီး ခရီးသွားသူများ လက်နက်ဖြင့် တိုက်ခိုက်ခံရ
by -
မဇ္စျိမ

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသအတွင်း ပအိုဝ်းတိုင်းရင်းသားများ စီးနင်းလာသည့် ယာဉ်တစ်စီးမိုင်းခွဲ တိုက်ခိုက်ခံရသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က အောက်တိုဘာ ၆ ရက်တွင် မဇ္စျိမကိုပြောသည်။

အောက်တိုဘာ၆ရက် နံနက်ပိုင်းက မောက်မယ်မြို့နယ် ထီပက်နမ်နှင့် တိုက်နမ်ရွာကြားရှိ လမ်းပေါ်တွင် ဖောက်ခွဲခံရခြင်းဖြစ်ပြီး တစ်ဦးသေဆုံးကာ လေးဦးကို ဟိုနမ်းရွာဆေးခန်းသို့ပို့ဆောင် ထားသည် ဟု ၎င်းက ပြောသည်။

“ဖြစ်တာကတော့ ကျွန်တော်တို့ အထူးပြုလှုပ်ရှားမှုနယ်မြေထဲမှာဖြစ်တာ၊ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ အသေးစိတ်စုံစမ်းမှုတွေ လုပ်ရဦးမယ်”ဟု ဦးခွန်းမြင့်ထွန်းက ပြောသည်။

ယင်းနေ့တွင်ပင် ထီပက်နမ်ကျေးရွာအနီး၌ ဆိုက်ကယ်ဖြင့် ခရီးသွားလာနေသူ လေးဦးကို လက်နက်ကိုင် အစုအဖွဲ့တစ်ခုက တားဆီး၍ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးခဲ့ရပြီး ကျန်သူများကို ဖမ်းဆီး သွားသည်ဟု တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေးအဖွဲ့ PNLO ၏ တောင်ကြီးမြို့ဆက်ဆံ ရေးတာဝန်ခံ ဦးခွန်မင်းသိမ်းက ပြောသည်။

ရှမ်းပြည်နယ် မောက်မယ်မြို့နယ်တွင် ကဒူးကြီးဒေသတွင် လူဦးရေခြောက်သောင်းကျော်ရှိပြီး ပအိုဝ်းတိုင်း ရင်းသားအများစုနေထိုင်သည်ဟု PNLO ကဆိုသည်။

အစိုးရနှင့် ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ PNLO တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောညီမှု လက်မှတ်ရေးထိုးပြီးနောက် မောက်မယ်ဒေသကို PNLO အထူးလှုပ်ရှားမှုနယ်မြေအဖြစ် အစိုးရက သဘောတူကာ ဆက်ဆံရေးရုံးဖွင့်ခွင့်ပြုထားသည်။

သို့သော် ပြီးခဲ့သည် စက်တင်ဘာလ အတွင်းက ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ PNLO နှင့် RCSS/SSA တို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဆက်ဆံရေးရုံးကို တောင်ကြီးသို့ပြန်လည်ပြောင်းရွှေ့ထားသည်။

Most read this week