SSPP နှင့် အစိုးရတပ်တို့ အောက်တိုဘာ ၅ရက်တွင် ပစ်ခတ်မှုမရှိဘဲ တည်ငြိမ်နေ

SSPP နှင့် အစိုးရတပ်တို့ အောက်တိုဘာ ၅ရက်တွင် ပစ်ခတ်မှုမရှိဘဲ တည်ငြိမ်နေ
by -
မဇ္စျိမ

အစိုးရ စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်တော် (SSPP/SSA) တို့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး အောင်တိုဘာ ၅ ရက်တွင် ပစ်ခတ်မှုမရှိဟု SSPP/SSA မှ တပ်ပေါင်းစုရေးရာဌာန၏ ဗိုလ်မှူးကြီး ပိန်ဖက မဇ္စျိမကို ပြောသည်။

“ဒီနေ့က တိုက်ပွဲမဖြစ်ဘူး။ မနေ့က ၄ ရက်နေ့က ကျွန်တော်တို့ဘက်က လိုက်တိုက်တော့ သူတို့(အစိုးရ)တပ်က အပြင် မထွက်ရဲတော့ဘူး”ဟု သူက ပြောသည်။

အောက်တိုဘာလ ၄ ရက်က SSPP/SSA  တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်နေသော အစိုးရ စစ်တပ်များ အခြေစိုက်နေသည့် နေရာသို့ သွားရောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သုံးရက်ကြာ တိုက်ပွဲအတွင်း SSPP/SSA ဘက်မှ တပ်သား ၃ ဦးကျဆုံးခဲ့ပြီး အောက်တိုဘာလ ၃ ရက်က တိုက်ပွဲတွင် အစိုးရဘက်မှ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးသီးမြို့နယ်၏ တောင်ဘက်ရှိ နောင်ဆွမ်ကျေးရွာမှ အသက် ရ၇ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။ အစိုးရဘက်ကလည်း အောက်တိုဘာ ၃ရက်အထိ အရာရှိတစ်ဦးအပါအဝင် တပ်သား ၆ဦး ကျဆုံးခဲ့ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက မဇ္စျိမကို ပြောထားသည်။

“မနေ့က သူတို့နောင်ဆွမ်းဘက်မှာ လက်နက်ကြီးနဲ့ပစ်တာ ရွာသားတစ်ယောက် ဒဏ်ရာ ၁၅ ချက် ထိသွားတယ်။ သူက ထင်းပုံမှာသွားပုန်းတာ အဲဒီမှာ လက်နက်ကြီးကျလို့  သူ့ကို ထိသွားတယ်။ ရွာတကောင်း(ရွာသူကြီး) သေတယ်။ အိမ်ကောင်မိုးတွေ ထိသွားတယ်”ဟု သူက ဆက်ပြောသည်။

အောက်တိုဘာလ ၃ ရက်က အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် SSPP/SSA က တာဖာဆောင်စခန်းမှ ဆုတ်ခွာပေးလိုက်ရသည်။ ထို့ပြင် ကျေးသီးမြို့နယ်အတွင်းမှ ကျေးရွာသားများလည်း တာဖာဆောင်မှ ၆ မိုင်အကွာအဝေးရှိ ဝမ်ဝပ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်ဟု ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးနေချိန်တွင် ညှိနှိုင်းဖြေရှင်းရမည့်အစား အစိုးရဘက်မှ စစ်ရေးအရ အသုံးပြု၍ တိုက်ခိုက်လာခြင်းမှာ မဖြစ်သင့်ဘဲ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အနှောက်အယှက် ဖြစ်စေသည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ကျွန်တော်နားလည်သလောက် တပ်အင်အား များများသုံးပြီး ဖြစ်တဲ့ တိုက်ပွဲဖြစ်တယ်။ တွေ့ဆုံ ဆွေးနွေးရေးကိုလည်း အနှောက်အယှက်ဖြစ်တဲ့ သဘောပေါ့။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အချိန်မှာ စစ်ရေးအရ အင်အားသုံးပြီးတော့ ဖြေရှင်းတဲ့ ကိစ္စက ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေတဲ့ ရည်မှန်းချက်နဲ့တော့ ကိုက်ညီမှုတော့ မရှိဘူးပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် စိုးဝင်းက အောက်တိုဘာလ ၁ ရက် နောက်ဆုံးထားပြီး SSPP/SSA ကို တာဖာဆောင်တံတားအနီးရှိ စခန်းမှ ဆုတ်ခွာပေးရန် ရာဇဒဏ်ပေးပြီးနောက် လားရှိုုး၊ တန့်ယန်းနှင့် မိုးညဲမြို့နယ် ကျိန်းသောင်းဒေသတို့မှ အစိုးရ စစ်တပ် အင်အား ၁၀၀၀ ခန့် SSPP/SSA နယ်မြေအနီးသို့ တိုးချဲ့လာ၍ အောက်တိုဘာလ ၂ ရက်မှာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။