ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေး အစိုးရ၏ဆောင်ရွက်မှု အစီအစဉ်ကို ပယ်ဖျက်ရန် ကုလသမဂ္ဂနှင့် အခြားသြဇာရှိသည့် အလှူရှင်အဖွဲ့များက ဖိအားပေးရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာ ၃ ရက် တိုက်တွန်းထုတ်ပြန်လိုက်သည်။
ရွှေ့ပြောင်းခံ ဘင်္ဂါလီများကို ကန့်သတ်ပိတ်ဆို့ထားသည့် စခန်းများတွင် အတင်းအကျပ်နေရာချ ထားခြင်း ဖြစ်၍ အစိုးရအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် သို့မဟုတ် ပယ်ဖျက်ရန် ဖိအားပေးသင့်သည်ဟုလည်း ပါရှိသည်။
ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း(ပြည်နယ် ဥပဒေချုပ်)က “ဒီအဖွဲ့က လူ့အခွင့် အရေးအမြင်နဲ့ ကြည့်တာလည်း ကြည့်ပေါ့။ ဒါပေမဲ့ သူတို့ရေးတဲ့အချက်တွေ၊ သူတို့ပြောတဲ့အချက်တွေက ဘယ် လောက်မှန်တယ်ဆိုတာ ဘယ်သူက သက်သေပြမှာလဲ”ဟု ပြောသည်။
၂၀၁၃ခုနှစ် ဧပြီလက ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ယင်း အစီအစဉ်ကို ရေးဆွဲခြင်းဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်က ဆိုထားသည်။
ဘင်္ဂါလီ ၁၃၀,၀၀၀ ကျော်ကို အမြဲတမ်း နေရာချထားရေးတွင် စစ်တွေမြို့ အနီးတစ်ဝိုက် ယာယီစခန်းများမှ ရခိုင်ပြည်နယ်အတွင်း နေရာမဖော်ပြထားသည့် အခြားမြို့နယ်များသို့ ပြောင်းရွှေ့နေရာချထားရေး အစီအ စဉ် ပါရှိသည်ဟု ထုတ်ပြန်ချက်တွင်ဆိုသည်။
ယင်းရွှေ့ပြောင်းခံများကို ၂၀၁၅ ခုနှစ် မုတ်သုံရာသီမစမီ ဧပြီနှင့် မေလများတွင် နေရာချထားပေးရန်နှင့် နေ အိမ်၊ စာသင်ကျောင်း၊ လမ်း၊ လျှပ်စစ်မီး၊ ရေနှင့် အိမ်သာများကို ဧပြီလအတွင်း တည်ဆောက်ပေးရ မည်ဟု အဆိုပါအဖွဲ့က ဆိုသည်။
ရခိုင်ပြည်နယ် ဆောင်ရွက်မှုအစီ အစဉ်သည် ပြည်နယ်အတွင်း ပဋိပက္ခ အလွန် ပြန်လည်တည်ဆောက် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လမ်းညွှန်ချက်တစ်ရပ်ဖြစ်ပြီး လုံခြံုရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြန်လည် ထူထောင်ရေးနှင့် အမြဲတမ်း အခြေချထားရေး၊ ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေး သုံးသပ် မှု၊ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းစွာ အတူတကွနေထိုင်ရေးတို့လည်း ပါ၀င်သည်။