အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ ရေရာမည်ဟု သမ္မတ ပြော

အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ ရေရာမည်ဟု သမ္မတ ပြော
by -
မဇ္စျိမ

အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ရေရာသေချာလိမ့်မည်ဟု အောက်တိုဘာ ၁ ရက် သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

“အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့တစ်နိုင်ငံလုံးအတိုင်းအတာပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာဆောင်ရွက်နိုင်မှ သာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကိုပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုစတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူး ပြောင်းမှုများကိ ုရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်းသတိပြုမိစေလိုပါတယ်” ဟုသမ္မတက ပြောသွားသည်။

President-Thein-Sein-1

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ် လက်မှတ်ထိုးနိုင်ရန် “ပိုမိုအားထည့် ဆောင်ရွက်ကြရမည့်အချိန်” ဟု ညွှန်းဆိုသွားပြီးအစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား အဖွဲ့အစည်း များအားလုံး ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းသွားသည်။

သမ္မတသည် သူ၏ လစဉ် ရေဒီယိုမိန့်ခွန်းများတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီးအကျယ်တဝင့် ပြောလေ့ရှိပြီးသူ၏ သမ္မတသက်တမ်းအတွင်း ငြိမ်းချမ်းရေးရလိုကြောင်းထုတ်ဖေါ်ပြောဆိုလေ့ရှိသည်။

သမ္မတ၏ မိန့်ခွန်းများတွင် ယခုနှစ်မကုန်မီအပစ်ရပ် လက်မှတ်ရေးထိုးရန် မျှော်မှန်းချက်များကို ထည့်သွင်း ပြောကြားလေ့ ရှိသော်လည်း ယခုမူအပစ်ရပ် လက်မှတ်ထိုးမှူ ကို ပိုမိုအားထည့်ရန် ထပ်မံတိုက်တွန်း ထားသည်ကို တွေ့ရှိရသည်။

သြဂုတ်လ ၂၂ ရက်ကရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဂေဟာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြ သေးရာ၊ အဆိုပါ ဆွေးနွေးပွဲသည် အပြီးသတ် ဆွေးနွေးမှုအဖြစ် အများက မျှော်မှန်းထားကြသော်လည်း အောင်မြင်မှုမရဘဲအဆုံးသတ်ခဲ့သည်။

အလားတူပင် ကရင်ပြည်နယ် မြဝတီမြို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။