ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားရုံး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရန် အစီရင်ခံစာတွင် ဖော်ပြထားရာ ယင်းကိစ္စအတွက် တရားလွှတ်တော်ချုပ်နှင့် ကော်မတီတို့ အငြင်းပွားခဲ့ကြသည်။
ကော်မတီသို့ တစ်နှစ်တာအတွင်း တိုင်ကြားစာပေါင်း ရ,၂၇၀ အနက် တရားစီရင်ရေး ၃,၅၀၀ စောင်၊ လယ်ယာမြေ ၂,၅၀၀ စောင်၊ အုပ်ချုပ်ရေး ၁,၁၇၀ စောင်၊ တပ်မတော် အစောင် ၁၀၀ တို့ဖြစ်ပြီး တရားရုံး လေ့လာစောင့်ကြည့်ရေး၊ လွတ်လပ်သည့် အဖွဲ့အစည်းရှိသင့်သည်ဟု အကြံပြုသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က “တရားရုံးစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းမယ်ဆိုရင် ဘယ်ဥပဒေနဲ့ ဖွဲ့စည်းမှာလဲလို့ မေးမြန်းရမှာ” ဟု ပြန်လည်မေးခွန်းထုတ်သည်။
၎င်းက ဥပဒေပြဋ္ဌာန်းချက်မရှိဘဲ အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းမည်ဆိုပါက အခြားနေရာများတွင် ဖြစ်နိုင် သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေများအရ ဖွဲ့စည်းတည်ထောင် ထားသည့် တရားရုံးများကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပါက ဥပဒေပြဿနာများ ပေါ်ပေါက်မည်ဟု သတိပေးခဲ့သည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၁ တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို တတ်နိုင်သမျှ ပိုင်းခြား ကျင့်သုံးရမည်ဟု ဖော်ပြထားခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားခြင်း မဟုတ် ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
၎င်းက “လွှတ်တော်နည်း ဥပဒေ ၁၀၆ မှာလည်း လွှတ်တော်က လိုအပ်ရင် ကော်မတီ၊ ကော်မရှင်ဖွဲ့နိုင် တယ်လို့ ပါပါတယ်။ ဒါဆိုရင် အဂတိလိုက်စားမှု ကော်မရှင်တို့၊ လူ့အခွင့်အရေး ကော်မရှင်တို့ကို ဘာ ဥပဒေနဲ့ ဖွဲ့တာလဲဆိုတာ ပြန်မေးရမှာပါ” ဟု ပြန်လည်ချေပခဲ့သည်။
ထို့ပြင် အဆိုပါကော်မတီက စက်တင်ဘာလ ၂၉ ရက်က အစီရင်ခံစာ တင်သွင်းခဲ့ရာတွင် အုပ်ချုပ်ရေးပိုင်း မှ နိုင်င့ံဝန်ထမ်းများ ဖြစ်သဖြင့် လွှတ်တော်ကသာ ဆောင်ရွက်ရန်နှင့် တရားရေးပိုင်းကမူ တရားသူကြီး ဦးရေ ၁,၂၀၀ ခန့်သာရှိသဖြင့် အခက်အခဲရှိသည်ဟု ဆိုကာ ပြန်ကြားခဲ့သည်ဟု ဖော်ပြထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ ရဲတပ်ဖွဲ့များကလည်း သင်တန်းသို့ စေလွှတ်ရန် တရားဝင်ခွင့်ပြုချက် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်ဟု ဆက်လက်ဖော်ပြ ထားသည်။
ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ၀န်ကြီးဌာန များသည် အလုပ်ရုံ ဆွေးနွေးပွဲသို့ အကြိမ်ကြိမ် တက်ရောက်ပြီးမှ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏စာကြောင့် မဖြစ်နိုင်၊ မပူး ပေါင်းနိုင်ဟုဆိုခြင်းသည် သက်ဆိုင်ရာဝန်ကြီးဌာနများက ၀န်ကြီးများသည် မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာမဆုံးဖြတ်နိုင်ကြောင်း ပေါ်လွင်နေသည်ဟု ဝေဖန်သည်။
အဆိုပါကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားကို မေးမြန်းရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။