သီလဝါ စီမံကိန်းအတွင်း ပြောင်းရွှေ့မပေးသည့် လယ်သမား အမှုဖွင့်ခံထားရ

သီလဝါ စီမံကိန်းအတွင်း ပြောင်းရွှေ့မပေးသည့် လယ်သမား အမှုဖွင့်ခံထားရ
by -
မဇ္စျိမ

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် ဟက်တာ ၄၀၀ အတွင်း ပြောင်းရွေ့မပေးသော လယ်သမား ကိုကျော်ဝင်းအပါအဝင် မိသားစုလေးဦးကို နယ်မြေကျော်နင်းမှု ပုဒ်မ (၄၄၇) ဖြင့် အမှုဖွင့်ကာ စက်တင်ဘာ ၂၆ ရက်က သန်လျင်ရဲစခန်းက ဆင့်ခေါ်ခဲ့သည်ဟု ကိုကျော်ဝင်းက ပြောသည်။

ယင်းအပြင် ၎င်းအား စက်တင်ဘာ ၁၅ ရက်ကပင် အမှုဖွင့်ထားခြင်း ဖြစ်သည်ဟု သီလဝါစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်ဦးကျော်ဇေယျက မဇ္စျိမကို ပြောသည်။

Thilawa-1

"အခု ကိုကျော်ဝင်းကို ကျွန်တော်တို့က နှစ်ပတ် ကြိုတင်ပြောပါတယ်။ ပြောင်းပေးဖို့ကို။ ပုဂ္ဂိုလ်ရေးအရ နစ်နာစေလိုစေတဲ့ စိတ်လည်းမရှိပါဘူး။ အဓိကက သူပြောင်းသွားဖို့ပါပဲ။ ပြောင်းသွားပေးရင် အမှုဖွင့်ထားတာကို ရုတ်သိမ်းမှာပါ" ဟု ဦးကျော်ဇေယျက ဆိုသည်။

ကိုကျော်ဝင်း၏ လယ်ယာမြေလျော်ကြေးနှင့် နေအိမ်ဆုံးရှုံးမှုအတွက် သိန်း ခုနှစ်ဆယ်ဝန်းကျင် သတ်မှတ် ထားပြီး သုံးပုံနှစ်ပုံအား လာရောက်ထုတ်ယူသွားပြီး ဖြစ်သည်ဟု ယင်းကဆိုသည်။ ကျန်ငွေ ၂၂သိန်းအား လာရောက်ထုတ်ယူရန်ပြောသော်လည်း ကိုကျော်ဝင်းမှ လာမယူကြောင်း ဦးကျော်ဇေယျကဆိုသည်။

ကိုကျော်ဝင်းကမူ နစ်နာကြေးပေးသည့် သဘောတူ စာချုပ်ကို ဖတ်ရှုခွင့်မရဘဲ လက်မှတ်ထိုးရန် ဖိအားပေး ခဲ့ကြောင်း၊ လျော်ကြေးပထမအရစ်ကို လက်ခံယူရာတွင် အိမ်ပြန်လည် ဆောက်လုပ်ရန် မလုံလောက်သည့် အတွက် အခက်အခဲ ရှိခဲ့၍ လျော်ကြေး ဒုတိယအရစ်နှင့် တတိယအရစ်ကိုလည်း မယူခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

တရားစွဲဆိုခံရသည့် လယ်သမား ကိုကျော်ဝင်းက "ကျွန်တော်က အိမ်ဆောက်ဖို့ အခက်ခဲရှိတယ်။ နွားတွေထားဖို့ အခက်ခဲရှိလို့ နေရာပေးဖို့ပြောတာပါ။ အခုကျွန်တော်တို့ မိသားစုလေးယောက်လုံးကို အမှုဖွင့်ထားတယ်။ အမှုဖွင့် ထားလည်း လယ်သမားတွေအနေနဲ့ နစ်နာတယ်။ လယ်ပဲလုပ်စားတက်တာ။ လုပ်ကိုင်စားဖို့ ရင်းနှီးငွေတွေလည်း လိုချင်တယ်။ကျွန်တော်ကတော့ မဖယ်ပေးဘူး။ တရားဥပဒေအတိုင်း တောင်းဆိုသွားမယ်"ဟု မဇ္စျိမကို ပြောသည်။

၀ါရင့်ရှေ့နေတစ်ဦးဖြစ်သူ ဦးမြင့်သွင်ကလည်း “ဒီကိစ္စက လယ်သမားတွေကို ပုဒ်မ (၄၄၇)နဲ့စွဲနေတဲ့ အမှုတွေထဲက နောက်ဆုံးတစ်ခုဖြစ်မယ်ထင်တယ် ။ အမှန်တော့ သူ့မြေပေါ်လက်ရှိနေထိုင်နေတဲ့ ကိုကျော်ဝင်းကို ပုဒ်မ (၄၄၇) နဲ့ တရားစွဲလို့မရဘူး။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ရန် ယင်းစီမံကိန်း အတွင်း နေထိုင်သည့် လယ်သမားများအား ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၅ရက်တွင်  နစ်နာကြေး၊ ထောက်ပံကြေး ၁၃မျိုးကို ပေးခဲ့သည်ဟု ယင်းကဆိုသည်။ ထို့ပြင် ဟက်တာ ၄၀၀အတွင်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့သည့် လယ်သမားများကို သန်လျင်မြို့နယ် မြိုင်သာယာရွာတွင် မြေကွက်များ စီစဉ်ထားသည်ဟု ဆိုသည်။