ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ပြည်သူ့စစ်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော လူငယ်အမှုကို ကျပ်သိန်း ၁၀၀ ပေး၍ ကျေအေးပေးရန် ပြည်သူ့စစ်အဖွဲ့က ကမ်းလှမ်းနေသည်ဟု မိသားစုဝင်က ပြောသည်။
ပြည်သူ့စစ်အဖွဲ့က ကြားလူတစ်ဦးကို စေလွတ်၍ သေဆုံးသူ၏ ဖခင်ဖြစ်သူကို အမှုကျေအေးပေးရန် ညှိနှိုင်းလိုကြောင်း ပြောဆိုခဲ့ကာ ကျေအေးပေးခြင်းမရှိလျှင် သေဆုံးသူအတွက် လျော်ကြေးငွေမရ ဖြစ်လိမ့်မည်ဟု ပြောဆိုသွားခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုဝမ်းကွဲတော်စပ်သူ စိုက်အိုက်အောင်းက ပြောသည်။
၎င်းက “ဦးလေးကတော့ ကျွန်တော် သိန်း ၁၀၀ ပေးမယ်။ ခင်ဗျားတို့လူကို ပြန်သတ်လိုက်မယ်ဆိုပြီး ပြောလွှတ်လိုက်တယ်။ ကျွန်တော်တို့တွေကတော့ သတ်တဲ့လူကို အချုပ်ထဲမှာ အချိန်အကြာကြီး နေခိုင်းချင်တဲ့ ဆန္ဒပဲရှိတယ်” ဟု ပြောဆိုသည်။
မူဆယ်-နမ့်ခမ်းလမ်း လုံခြုံရေး တာဝန်ယူထားသော မြို့မပြည်သူ့စစ်အဖွဲ့က အသက် ၂၄ နှစ်အရွယ်ရှိ စိုင်းရန်အောင်းရှင်း(ခေါ်) စိုင်းပေါင်းပေါင်းကို ဇူလိုင်လ ၂၃ ရက်က ပစ်သတ်ခဲ့ခြင်းဖြစ်ကာ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားခဲ့သော်လည်း တရားခံကိုမူ စက်တင်ဘာလ ၄ ရက်က ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ တရားရုံးအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။
သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သံသယရှိထားသူ ချင်းချိသည် မြို့မပြည်သူ့ စစ်အဖွဲ့မှဖြစ်ကာ ဇူလိုင် ၂၃ ရက် ည ရ နာရီခွဲခန့်က နမ့်ခမ်းမြို့၊ နောင်စန့်ရပ်ကွက်သို့ ဆိုင်ကယ်စီး၍ ထွက်လာသော စိုင်းပေါင်းပေါင်း နှင့် သူငယ်ချင်းတစ်ဦးကို သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ စိုင်းပေါင်းပေါင်းအား ထိမှန်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။
၎င်းက ပစ်ခတ်ခဲ့ကြောင်းကို ရဲစခန်းတွင် ဝန်ခံခဲ့သော်လည်း ထိုစဉ်ကမူ ရဲများက အမှုဖွင့်ပေးရန် ငြင်းဆန် ခဲ့သေးသည်။ ဇူလိုင်လ ၂၅ ရက်တွင် နမ့်ခမ်းမြို့နယ်ဖွ့ံဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့ အပါအဝင် နိုင်ငံရေးပါတီများကို နမ့်ခမ်းမြို့နယ်ရှိ အစိုးရတပ်မတော် တပ်မ ၈၈ တပ်မမှူးက ခေါ်ယူတွေ့ဆုံ၍ အဆိုပါ သေဆုံးမှုအတွက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဒေသတွင် ပြည်သူ့စစ်နှင့် အစိုးရတပ်များက ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ မေလကုန်ကလည်း နမ့်ခမ်း မြို့နယ်၊ နောက်ခန်ရွာမှ လင်မယားနှစ်ဦး ကို တပ်မ တော် စစ်ကြောင်း ခလရ ၁၀ က ဆိုင်ကယ်ရပ်ရန် တားဆီးရာ မရပ်သဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဇနီးဖြစ်သူ သေဆုံးပြီး အမျိုးသားမှာ ဒဏ်ရာရခဲ့သည်။
ပစ်ခတ်မှုကျူးလွန်သူကို အပြစ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်း စာမျက်နှာက ရေးသားထားခဲ့သည်။