ပျောက်ဆုံး ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦး၏ အပြာရောင်ကျောပိုး အိတ်တစ်လုံးသာ တွေ့ရှိ

ပျောက်ဆုံး ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦး၏ အပြာရောင်ကျောပိုး အိတ်တစ်လုံးသာ တွေ့ရှိ
by -
မဇ္စျိမ

ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦး အသုံးပြုခဲ့သော အပြာရောင်ကျောပိုးအိတ် တစ်လုံးကို ခါကာဘိုရာဇီတောင်၏ အမြင့်ပေ ၁၇၀၀၀ တွင် ထူးဖောင်ဒေးရှင်မှ ကယ်ဆယ်ရေးတောင်တက်အဖွဲ့က တွေ့ရှိခဲ့ပြီး ရာသီဥတုလည်း ဆိုးရွားနေသည်ဟု ထူးဖောင်ဒေးရှင်း၊ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောသည်။

ရှာဖွေမှု နောက်ဆုံးရက်ဟု သတ်မှတ်ထားသည့် စက်တင်ဘာ ၂၇ရက် ရောက်ရှိလာသော်လည်း ပျောက်ဆုံးနေ သည့် တောင်တက်သမားနှစ်ဦးကို မတွေ့သေးဘဲ ၎င်းတို့အသုံးပြုခဲ့သည့် ကျောပိုးအိတ်ကိုသာ တွေ့ရှိခဲ့ခြင်းဖြစ် သည်။

Hkakabo-Razi-Mountaineer-1

ရှာဖွေမှုကို အဓိက အနှောက်အယှက်ပေးတာကတော့ ရာသီဥတုပါ။ ရာသီဥတုက ရှာဖွေရက်သတ်မှတ်ရက်ကို တော်တော်အနှောက်အယှက်ပေးပါတယ်” ဟု ဦးဖြိုးကိုကိုက ဆိုသည်။

စက်တင်ဘာ ၂၇ ရက်တွင် ပျောက်ဆုံးသူနှစ်ဦးကိုရှာဖွေရန် နောက်ဆုံးရက်အဖြစ်သတ်မှတ် ထားသော်လည်း ဆက်လက်ရှာဖွေမည်၊ မရှာဖွေမည်ကိုမူ သိရှိနိုင်ခြင်းမရှိသေးပေ။

ခါကာဘိုရာဇီတောင်တက်အောင်မြင်ခဲ့သည့် တိဗက်လူမျိုးဦးနမားဂျွန်ဆင်ဦးဆောင်သည့် မြေပြင်ရှာဖွေရေး အဖွဲ့အပြင် Beech Aircraft လေယာဉ်တစ်စီး၊  ထူးဖောင်ဒေးရှင်းမှ B3 ရဟတ်ယာဉ်နှစ်စီး၊ ထိုင်းနိုင်ငံမှ ငှားရမ်းထားသော B4 ရဟတ်ယာဉ်တစ်စီးတို့ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် ပျောက်ဆုံးနေသည့် သဘာဝခေါ် သံဖောင်ဒေးရှင်းမှ တောင်တက်သမားနှစ်ဦးကိုရှာဖွေခဲ့သည်။

သဘာခေါ်သံဖောင်ဒေရှင်းမှလည်း စက်တင်ဘာ ၂၇ ရက်နောက်ပိုင်းတွင် ထူးခြားမှုမတွေ့ရှိပါက သတင်းစာ ရှင်းလင်းပွဲ ထပ်မံပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။

ပျောက်ဆုံးနေသည့် ကိုအောင်မြင့့်မြတ်နှင့် ကိုဝေယံမင်းသူတို့ နှစ်ဦးသည် သြဂုတ်လ ၁၁ ရက်တွင် တောင်ထိပ် ပေါ်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်အလံနှင့် အသင်းအလံတို့ စိုက်ထူနိုင်ခဲ့ကာ ထိုနေ့ပင် တောင်ထိပ်မှ ပြန်ဆင်း လာသည်။ ယင်းနောက်တွင် ကျန်ရှိသည့် ခြောက်ဦးနှင့် ဆက်သွယ်ရေးစက်ဖြင့် နာရီဝက်ကျော် အဆက်အသွယ် ရရှိပြီး နိုင်ငံတော်သီချင်းကို အတူတူဆိုခဲ့သေးသည်။ ယင်းနောက်တွင် ဆက်သွယ်ရေးစက် အားကုန်တော့ မည်ဟု ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့က ပြောဆိုခဲ့ပြီးချိန်မှစ၍ အဆက်အသွယ် ပြတ်ခဲ့ခြင်းဖြစ်သည်ဟု အသင်းတာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် သာမက အရှေ့တောင်အာရှတွင်ပါ အမြင့်ဆုံး ရေခဲတောင်ဖြစ်သည့် ခါကာဘိုရာဇီ တောင်ထိပ် သို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ ဂျပန်လူမျိုး မစ္စတာ အိုဇာကီနှင့် မြန်မာနိုင်ငံသား တိဗက်လူမျိုး လမ်းပြ နမားဂျွန်ဆိန်တို့  ၁၉၉၆ ခုနှစ်က ပထမဆုံးတက်ရောက်နိုင်ခဲ့သည်။ ယခုတစ်ကြိမ် တက်ရောက်ခြင်းသည်  နိုင်ငံခြားသား အကူအညီ မပါဘဲ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သည်။  ခါကာဘိုရာဇီတောင်သည် အမြင့်ပေ ၁၉၂၉၆ ပေရှိသည်။

Most read this week