DKBA အဖွဲ့မှ တပ်မတော်သားနှင့် ရဲများကို ဖမ်းဆီးထိန်းသိမ်းထား

DKBA အဖွဲ့မှ တပ်မတော်သားနှင့် ရဲများကို ဖမ်းဆီးထိန်းသိမ်းထား
by -
မဇ္စျိမ

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် မြန်မာစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)တို့ စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာပြီး စစ်သားများနှင့်ရဲများကို ဖမ်းဆီးထိန်း သိမ်းထားသည်ဟု  DKBA မှ ဗိုလ်မှူးချူပ် ကျော်သက်က  မဇ္စျိမကို စက်တင်ဘာလ ၂၆ ရက် ညနေ ၅ နာရီခန့်က အတည်ပြု ပြောသည်။

DKBA တပ်ဖွဲ့များကို နယ်မြေမှ ထွက်လာရန် စစ်တပ်ဘက်မှ လာရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ လူ၃၀ခန့်ကို ဖမ်းဆီးထားသော်လည်း မွန်ပြည်နယ် အစိုးရနှင့် ကရင်ပြည်နယ် အစိုးရ၊ တပ်မတော် တို့ဘက်မှ လာရောက်ညှိနှိုင်းခြင်း မရှိသေးဟု ၎င်းက ဆိုသည်။

DKBA-4

"အရင်တုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲလေးတွေနဲ့ မြဝတီက ကျွန်တော်တို့လူ သတ်ခံလိုက်ရတုန်းက သိမ်းခံလိုက်ရတဲ့ လက်နက်တွေနဲ့ ဖမ်းထားတဲ့ ကျွန်တော်တို့ လူတွေကို ပြန်လွှတ်ပေးရင် သူတို့လူတွေ ကျွန်တော်တို့ ပြန်လွှတ်ပေးမယ်။ ညှိနှိုင်းခွင့် ကျွန်တော်တို့ လိုချင်တယ်" ဟု ဗိုလ်မှူးချူပ် ကျော်သက်က ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားချိန်တွင် DKBAမှ ဗျူဟာမှူး စောဆန်းအောင်သည် အပစ်ရပ်လတ်မှတ်ရေး ထိုးနိုင်ရန် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရန်ကုန်မြို့တွင် ဆွေးနွေးပွဲ တတ်ရောက်နေသည့် အချိန်ဖြစ်သည်။ သို့သော် ယင်းဖြစ်စဉ်အား ဗျူဟာမှူး စောဆန်းအောင်ကို အသိပေးထားပြီး ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ကျော်သက်က ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားခြင်းမှာ ကျိုက်မရောမြို့နယ်တွင် ရှိသော DKBA တပ်ဖွဲ့ကို လက်နက်ကိုင်ဆောင်ခြင်းမပြုရန် ရဲသားတစ်ဦးက စက်တင်ဘာလ ၂၅ ရက်က သွားရောက်ပြောဆိုရာ ထိုရဲသားကို ဖမ်းဆီးလိုက်ခြင်းကြောင့် ကျိုက်မရော-မုဒုံအခြေစိုက် တပ်ရင်း ၂၀၈ မှ စစ်ကားတစီးနှင့် သွားရောက်ခဲ့ပြီး ကတိုင်ကနိအမည်ရှိသော ကျေးရွာ ဘုန်းတော်ကြီးကျောင်း အရောက်တွင် DKBA အဖွဲ့မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

မော်လမြိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကမူ ယင်းသို့ တိုက်ပွဲမဖြစ်မီ ရက်သတ္တပတ်အကြာက ကျိုက်မရောမြို့တွင် နေထိုင်သည့် DKBA ဗိုလ်ကြီး စောဝင်းဇော်၏ နေအိမ်ကို အာဏာပိုင်များက သွားရောက်စစ်ဆေးကာ လက်နက် အတို၊ အရှည် လေးလက်ခန့် သိမ်းဆည်းခဲ့သည်ကို မကျေနပ်၍ ယခုခဲ့သည့် ပြန်လည်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ကားပေါ်တွင် ပါလာသည့် ခလရ ၂၀၈ မှ ဗိုလ်မှူး တစ်ဦး ပေါင်တွင် လက်နက်ငယ် ကျည်ဆံ ထိမှန်ခြင်း၊ ယဉ်မောင်း တပ်ကြပ်မှာ ဘယ်ဘက် ရင်ဘတ်၌ လက်နက်ငယ် ထိမှန်ကာကာ နောက်၌ ထိုင်နေသည့် တပ်ကြပ်ကြီး တစ်ဦး ညာဘက် လက်မောင်း၌ လက်နက်ငယ် ဒဏ်ရာအသီးသီး ထိမှန်ခဲ့ရသည်ဟု မော်လမြိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိက မဇ္စျိမကို ပြောသည်။

ပစ်ခတ်မှုမှာ ကျိုက်မရော မြို့နယ် ကလိုင်းကနိုင် အလယ်ရွာတွင် ဖြစ်ပွားခဲ့ပြီး လက်နက်များ ယူနီဖောင်းများဖြင့် တက်မလာရန် သွားရောက် ညှိနှိုင်းခဲ့သည့် အဖွဲ့၌ စရဖ၊ SB၊ နယ်ထိန်း၊ ခလရ ၂၀၈ မှ ဗိုလ်မှူး တစ်ဦးနှင့် ဗိုလ်ကြီး တစ်ဦးတို့ သွားရောက် ညှိနှိုင်း နေချိန်၌ ပစ်ခတ်မှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခဲ့သော နယ်မြေသည် မွန်ပြည်သစ်ပါတီ၏ နယ်မြေအတွင်း ဖြစ်နေခြင်းကြောင့် မွန်ပြည်သစ်ပါတီမှ ဒုတိယ ဗိုလ်မှူးကြီး M-ဆိုက်ချမ်းကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ "ဒီကျိုက်မရောမြို့နယ်က ကွမ်ငမ်ဆိုတဲ့ ဒေသဖက်မှာ အရင်တုန်းက DKBA တပ်စခန်းရှိခဲ့ဖူးတယ်။ ခုတော့မရှိတော့ပေမယ့် သူတို့က ပြန်ဝင်ဖို့ ကြိုးစားနေတာ ပြည်နယ်အစိုးရက ခွင့်မပြုဘူးဆိုတာကိုတော့ သိထားတယ်။ တိုက်ပွဲမှာတော့ ကျွန်တော်တို့ လုံးဝမပါ ပါဘူး" ဟု ပြောသည်။

လက်ရှိ အခြေအနေသည် ကရင်ပြည်နယ် မြဝတီမြို့တွင် လှုပ်ရှားနေသော DKBA အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ယူနီဖောင်းဝတ်ခြင်းနှင့် သေနတ်ကိုင်ဆောင်၍ သွားလာခြင်းများ မပြုလုပ်ရန် တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅က စက်တင်ဘာလ ၁၄ရက်က အသိပေးစာ ပေးပို့ထားသော အနေအထားဖြစ်သည်။

ထိုအခြေအနေတွင် စက်တင်ဘာလ ၁၉ ရက်က မြဝတီမြို့၌ DKBA အဖွဲ့မှ မောင်းနှင်လာသော ကားက အရပ်သားများနှင့် လုံခြံုရေးအဖွဲ့၏ ကားကို ဝင်တိုက်ခဲ့ရာမှ စ၍ လက်နက်ကိုင်ဆောင်ထားသည်ကို တွေ့မြင်ရသည် ဆိုသော ငြင်းခုံမှုမှစ၍  နယ်ခြားစောင့်တပ်နှင့် တပ်မတော်ဘက်မှ DKBAအဖွဲ့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်တစ်ဦးသေဆုံးကာ တပ်သားတဦး ဒဏ်ရာရရှိခဲ့သေးသည်။

ထိုစဉ်ကလည်း DKBA အဖွဲ့သား သေဆုံးမှုတွင် နယ်ခြားစောင့်တပ်မှ တပ်သား ၅ ဦးနှင့် တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ မှ တပ်သား ၁၀ ဦးခန့် ပါဝင်နေသည့်အတွက် ယခုဖြစ်ရပ်ကို ဖြေရှင်းနိုင်ရန် အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်ရန်ရှိကြောင်း DKBA မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောခဲ့သေးသည်။

Most read this week