နိုင်ငံတော်သမ္မတ ခန့်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နေရာ အပြောင်းအလဲ လုပ်ရေး မဖြစ်နိုင်ဟု ဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မဇ္စျိမကို သုံးသပ် ပြောကြားသည်။
"ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ခန့်အပ်တဲ့နေရာမှာ အခြေခံဥပဒေနဲ့ အညီဖြစ်ဖို့လိုသလို၊ လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးနိုင်ဖို့လည်း အရေးကြီးတယ် အခုကော်မရှင်က ၂၀၁၂ကြားဖြတ်ကို လွတ်လပ်တရားမျှတစွာ လုပ်ပေးထားနိုင်တာ အားလုံးသိပါတယ်။ ကိုယ့်စိတ်နဲ့ မသက်ဆိုင်တာနဲ့ ပြန်ဖွဲ့ပေးဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး"ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် နှစ်ကုန်ပိုင်း ရာသီဥတု သာယာချိန်၌ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ခြောက်လအတွင်း အစဉ်တစ်စိုက် ပြောဆိုလာခဲ့ပြီး စက်တင်ဘာ ရရက် အရောက်တွင် မလုပ်တော့ဟု ကြေညာခဲ့၍ နုတ်ထွက်သင့်သည်ဟု ဝေဖန်ခံနေရသူဖြစ်သည်။
ယခုကဲ့သို့ ငွေကြေးကုန်ကြမှုများနိုင်ခြင်း၊ အာဆီယံအစည်းအဝေးများရှိနေခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တို့ မအားလပ်ခြင်း စသဖြင့် အကြောင်းများပြ၍ဖျက်သိမ်းခြင်းသည် ၂၀၁၅ ခုနှစ် အတွင်း ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲ အတွက် စိုးရိမ်ရန် ဖြစ်လာသည်ဟု လေ့လာ သုံးသပ်သူတို့က ဆိုသည်။
ဦးတင်အေးက မတ် ၂၀ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်ဟု ပြောကြားထားခြင်း ဖြစ်သည်။ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ကမူ မလုပ်ဖြစ်သည့် အကြောင်းကို လည်း လွှတ်တော်သို့ အကြောင်းကြားပြီပြီဟု ဆိုသည်။