ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) နှင့် အရပ်ဖက်အဖွဲ့အစည်း ရ၀ ကျော်တို့ လက်တွဲကာ ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပူးပေါင်း လုပ်ကိုင်သွားမည်ဟု NNER ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ပြောသည်။
အဆိုပါပြောကြားချက်ကို စက်တင်ဘာ ၂၃ရက်က မြန်မာမီဒီယာစာကြည့်တိုက်တွင် ပြုလုပ်သော NNER နှင့် အရပ်ဖက်ဖွဲ့စည်းများ၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ပညာရေးမှုများနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့စည်းများ၏ ကန့်ကွက်ခြင်းများ၊ထောက်ပြအကြံပြုခြင်းများ၊ ပညာရေးလုပ်ငန်းများကို အရပ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ ထုတ်ပြန်ချက်များ၊ လူတိုင်းအကြံုးဝင် ပညာရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်းများနှင့် ပတ်သက်သည့် ကိစ္စများတွင် ယင်းအဖွဲ့အစည်းများမှ လက်တွဲလှုပ်ရှားမည် ဖြစ်သည်။
ဒေါက်တာသိန်းလွင်က “ အဖွဲ့အသီးသီးရဲ့ ရပ်တည်ချက်တွေကို အားလုံးဆွေးနွေးပြီး ပူးတွဲ ထုတ်ပြန်ချက် တွေကို လုပ်မယ်။အဖွဲ့နည်းနည်းနဲ့ လုပ်တာထက် အဖွဲ့များများနဲ့ ပူးပေါင်းပြီးတော့ အာမခံချက်ရှိတဲ့ပညာရေး ဖြစ်လာတဲ့အထိ ပူးပေါင်းလုပ်မယ်။ ရှေ့ဆက်ပူးတွဲလုပ်မယ့် မူတွေကိုလည်း ချမှတ်မှာ ဖြစ်ပါတယ်" ဟုပြော သည်။
NNER၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများသမဂ္ဂအဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂအဖွဲ့များ၊ အလုပ်သမားသမဂ္ဂများစသည့် အဖွဲ့စည်းများ၏ ရပ်တည်ချက်များ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးကာ အစီရင်ခံစာပြုလုပ်ကာ ပူးတွဲထုတ်ပြန်ချက်များနှင့် အစီရင်ခံစာများ ပြုလုပ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများပေးပို့သွားမည်ဖြစ်သည်။