အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ကျော်ကုန်ကျမည့် “ရန်ကုန်မြို့သစ်စီမံကိန်း” ကို တိုင်းလွှတ်တော်က သဘော တူပါက တင်ဒါခေါ်ယူပြီး ပွင့်လင်းမြင်သာမှုရှိစွာ တင်ဒါစိစစ်သွားမည်ဟု ရန်ကုန်တိုင်းအစိုးရက ကတိပေး လိုက်သည်။
ပြီးခဲ့သည့် တစ်လအကြာက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ သဝဏ်လွှာပေးပို့ အသိပေးခဲ့သည့် အဆိုပါစီမံကိန်းကို တိုင်းလွှတ်တော်က ခွင့်ပြုပေးရန် စက်တင်ဘာ လွှတ်တော် အထူးအစည်းအဝေးတွင် မြို့တော်ဝန် ဦးလှမြင့်က အဆိုပြုစဉ်အတွင်း ယင်းသို့ ပြောခြင်းဖြစ်သည်။
မြို့တော်ဝန်ဦးလှမြင့်က အဆိုပါစီမံကိန်းကို အတည်ပြုပေးရန်နှင့် လွှတ်တော် သဘောတူပါက တင်ဒါ ခေါ်ယူသွားမည်ဟု ဆိုသည်။
“အများပြည်သူလေးစားသော ပုဂ်္ဂိုလ်များနှင့် နိုင်ငံတကာအတွေ့အကြံုရှိသော ပညာရှင်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်” ဟု ဦးလှမြင့်က ဆိုသည်။
သို့သော် အဆိုပါတင်ဒါစိစစ်ရေးအဖွဲ့တွင် မည်သူ၊ မည်ဝါ ပါဝင်မည်ကိုမူ အသေးစိတ်ရှင်းပြမသွားခဲ့ပေ။
တိုင်းအစိုးရ၏ ခွင့်ပြုချက်တောင်းခံမှုကို လာမည့် စက်တင်ဘာ ၂၆ရက် တိုင်း လွှတ်တော်အစည်းအဝေး တွင် ဆုံးဖြတ်သွားမည်ဖြစ်ပြီး ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များကို လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဖိတ်ခေါ်ထားသည်။
ဗဟန်းမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကမူ စီမံကိန်းမှာ ပွင့်လင်း မြင်သာမှုမရှိဟု ဝေဖန်လိုက်ပြီး “တင်ဒါခေါ်ယူပြီး စိစစ်တဲ့အခါအများ ပြည်သူလေးစားတဲ့သူတွေဆိုတော့ ဘယ်လိုလူတွေ က အများပြည်သူလေးစားတဲ့ သူတွေလဲဆိုတာ ဆွေးနွေးသွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဆိပ်ကမ်းမြို့နယ်မှ တိုင်းအမတ် ဦးနေမျိုးအောင်ကမူ ၀င်ရောက် ဆွေးနွေး မည်မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု ရှိ၊ မရှိ စောင့်ကြည့်သွားမည်ဟု ဆိုသည်။
ရန်ကုန်လူဦးရေနှင့် အဆောက်အအုံ လိုအပ်ချက်အရ အဆိုပါစီမံကိန်း လိုအပ်သည်ဟု သုခရတနာ ဆောက်လုပ်ရေး ကုမ္ပဏီမှ ဒါရိုက်တာ ဦးသောင်းထိုက်မင်းက ပြောသည်။
“စနစ်တကျ အကောင်အထည်ဖော်ဖို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။ထိုစီမံကိန်း အကောင်အ ထည် ဖေဖာ်ရန် တိုင်းလွှတ်တော်သို့ ၀န်ကြီးချုပ် ဦးမြင့်ဆွေက သြဂုတ်လ ၂၂ ရက် သဝဏ်လွှာပေး ပို့ခြင်းဖြစ်ပြီး ယင်းတွင် တင်ဒါခေါ်ယူရန် လုပ်ငန်းစဉ် မပါ၀င်ဘဲ “မြန်မာ့စေတနာမြို့ သစ်အများပိုင် ကုမ္ပဏီ” ထံ ပေးအပ်ပြီး အကောင်အထည်ဖော်ရန် စီမံထားသည်ဟု ဆိုထားသည်။
ယင်းနောက် လွှတ်တော်အမတ်များ၊ လုပ်ငန်းရှင်များနှင့် မီဒီယာတို့ ဝေဖန်ကြပြီး နောက်ပိုင်း တင်ဒါ ခေါ်ယူတော့မည်ဟု တိုင်းအစိုးရက သြဂုတ် ၂၈ တွင် ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါမြို့သစ်စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြားရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့ နယ်အတွင်းရှိ မြေဧက သုံးသောင်းပေါ်တွင် အကောင်အထည်ဖော်မည် ဖြစ်သည်။