လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်းထက် မတူကွဲပြားမှုများကို သဟဇာတဖြစ်မှ ရေရှည်တည့်တံ့မည့် ငြိမ်းချမ်းရေးဖြစ်မည်ဟု စက်တင်္ဘာလ ၂၁ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့သို့ ပေးပို့သည့် သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာတွင် ရေးသားထားသည်။
“လူ့အဖွဲ့အစည်းအတွင်း၌ မတူကွဲ ပြားသော ကြန်အင်လက္ခဏာများ၊ အတွေးအခေါ်များနှင့် အယူဝါဒများကို အပြန်အလှန် နားလည်လက်ခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော သဟဇာတဖြစ်မှုမျိုးသည်သာလျှင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး” ဟု သဝဏ်လွှာတွင် သမ္မတက အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းဖြစ်သည်။
သို့သော် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းအတွင်း၂၀၁၂ခုနှစ်က မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သည့် မတူညီသည့် လူအုပ်စုနှစ်ခုကြား ပဋိပက္ခများမှာ မြန်မာပြည်အလယ်ပိုင်း မန္တလေးထိ ယခုနှစ်အတွင်း ကူးစက်ခဲ့သည်။
အဆိုပါ ပဋိပက္ခများကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ကြရသည်။
“စစ်ပွဲများကိုပေါ်ပေါက်စေခဲ့သည့် လူသားများ၏ စိတ်နှလုံးသား များထဲမှာပင် စစ်ပွဲ များကို ဟန့်တားနိုင်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစားတရားများကို ပြုစုပျိုးထောင်သွား ကြရမည်” ဟု မြန်မာနိုင်ငံသားဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ အဆိုအမိန့်ကို သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသေးသည်။
၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက် လက်နက်ကိုင် တော်လှန်ရေးတွင် ပါ၀င်နေကြသည့် တိုင်းရင်းသားလူငယ်များ ကိုင်စွဲထားသည့် လက်နက်များအစား တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Laptop) များကိုသာ ကိုင်ဆောင်အသုံးပြုစေရန် ဆန္ဒရှိသည်ဟု သမ္မတက ထုတ်ဖော် ပြောဆိုထားသည်။
သို့သော် ဦးသိန်းစိန်၏ အစိုးရသက်တမ်း လေးနှစ်နီးပါးရှိလာသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်မည့် ပြည်တွင်း ငြိမ်းချမ်းရေးကို အကောင်အထည်အဖော်နိုင်ခြင်းမရှိသေးပေ။
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုသည် နိုင်ငံသားတစ်ဦးချင်းစီအတွက် အလွန်အရေးပါသော ဖြစ်စဉ်ကြီးတစ်ရပ်ဟု အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းရေးသား ထားသည်။