နမ့်ခမ်းရှိ ကျားခေါင်းပါတီဝင်အိမ်ရှေ့ဗုံးပေါက်မှု သတ္တုတွင်းရပ်ဆိုင်းရေးဆန္ဒပြမှုနှင့် ပတ်သက်နိုင်ဟုဆို

နမ့်ခမ်းရှိ ကျားခေါင်းပါတီဝင်အိမ်ရှေ့ဗုံးပေါက်မှု သတ္တုတွင်းရပ်ဆိုင်းရေးဆန္ဒပြမှုနှင့် ပတ်သက်နိုင်ဟုဆို
by -
မဇ္စျိမ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားခေါင်းပါတီ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် တစ်ဦး၏ နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှုသည် သတ္တုတွင်းရပ်ဆိုင်းရေးနှင့် ပတ်သက်နိုင်သည်ဟု ပါတီဝင်များက ပြောသည်။

စက်တင်ဘာလ ၁၈ ရက် ည ၈ နာရီခွဲချိန်တွင် နမ့်ခမ်းမြို့ရှိ ကျားခေါင်းပါတီ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဘဏ္ဍာရေးမှူးလည်းဖြစ်၊ နမ့်ခမ်းမြို့နယ် ဖွံဖြိုးရေးအထောက်အကူပြုကော်မတီ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစိုင်းအောင်ဝင်း၏ နေအိမ်ရှေ့တွင် ဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“တပ်မ ၈၈ က လာကြည့်သွားတာက လက်လုပ်ဗုံးပဲ။ အဆင့်က မြင့်တယ်လို့ ပြောတယ်။ ဒီဗုံးက သတ္တုတွင်းမှာ သုံးတဲ့မိုင်းဖြစ်တယ်လို့ ပြောတယ်။ ဘယ်သူဆိုတာတော့ ဘာမှမသိသေးဘူး”ဟု ကျားခေါင်းပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းထွန်းနိုင်က မဇ္စျိမကို ပြောသည်။

နမ့်ခမ်းမြို့လယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြံုရေးအတွက် စိုးရိမ်နေကြပြီး သတ္တုတွင်း တူးဖော်နေ သူများ၏ လက်ချက်ဖြစ်နိုင်မည်ဟု ဒေသခံများအကြား ပြောဆိုမှုများ ရှိနေပြီး ဦးစိုင်းအောင်ဝင်းသည် သတ္တုတွင်း ရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုမှုတွင် ပြောဆိုမှုများ ရှိခဲ့သည်ဟု သူက ပြောသည်။

“သတ္တု တူးဖော်ရေး လုပ်ငန်းရပ်ဖို့ ဆန္ဒပြကြတဲ့ထဲမှာ ဦးစိုင်းအောင်ဝင်းကလည်း ဆွေးနွေးတဲ့နေရာမှာ ပြောပေးတာတွေ ရှိတယ်၊ နောက် ကားသမားတွေလည်း သတ္တုတူးဖော်ရေးလုပ်ငန်းရပ်တဲ့အတွက် လိုင်းမပြေးဆွဲ မသယ်ရတဲ့အတွက် မကျေနပ်ကြဘူးပေါ့”ဟု သူက ဆက်ပြောသည်။

၎င်းဗုံးပေါက်ကွဲမှုတွင် ဦးစိုင်းအောင်ဝင်း၏ ယောက်ဖဖြစ်သူ ခြေထောက်နှင့် ခန္ဒာကိုယ်တွင် ဗုံးဆန်များ ထိမှန်ခဲ့သဖြင့် ယနေ့ထိ နမ့်ခမ်းဆေးရုံတွင် ကုသမှု ခံယူနေဆဲ ဖြစ်သည်ဟု နမ့်ခမ်းမြို့နယ် ဖွံဖြိုးရေးအထောက်အကူပြုကော်မတီ၏ အဖွဲ့ဝင် ဦးစိုင်းအောင်ဝင်းက မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၁၉ ရက် ညတွင် ဦးစိုင်းအောင်ဝင်း၏ နေအိမ်အနီးတဝိုက် အစိုးရ ရဲတပ်ဖွဲ့က လုံခြံုရေး ယူပေးခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာလ ၅ ရက် နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်း ရပ်ဆိုင်းရန် ပြည်သူလူထုများ သုံးထောင်ကျော်က ဆန္ဒပြခဲ့သည်။ ၎င်းဆန္ဒပြမှုတွင် သတ္တုတွင်း ရပ်ဆိုင်းပေးရန် ဖြေရှင်းပေးရန် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအား ပြောဆိုခဲ့သဖြင့် ထို့နေ ၃ နာရီတွင် သတ္တုတွင်း ယာယီပိတ်သိမ်းကြောင်း စာကို ထုတ်ပေးခဲ့သည်ဟု ဦးစိုင်းအောင်ဝင်းက ပြောသည်။

၂၀၁၂ ခုနှစ်က နမ့်ခမ်းမြို့နယ်အရှေ့တောင်ဘက် တောင်တန်းများတွင် ဆီလီကွန် သတ္တုကို ကုမ္ပဏီ ၆ ခုက စတင်တူးဖော်ခဲ့ပြီး လက်ရှိ မြန်မာ့မြှားဦး၊ ငွေကမ္ဘာကျော်နှင့် ပန်းသစ္စာ ကုမ္ပဏီများ လုပ်ကိုင်နေခြင်း ဖြစ်သည်။

နမ့်ခမ်းမြို့နယ်အတွင်း တီလီကွန်သတ္တု ထုတ်လုပ်ရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများသည် လယ်ယာမြေ ဧက ၁၀၀ ခန့် ပျက်ဆီးခဲ့ပြီး သောက်သုံးရေအတွက် ကျေးရွာ ၉ ရွာမှ ဒေသခံ ၆၀၀၀ ကျော် မှိခိုနေသည့် နမ့်ဆီးရီးချောင်း ညစ်ညမ်းလာကာ ရေစီးဆင်းမှု ပိတ်ဆို့ခြင်း၊ လမ်းများ ပျက်စီးခြင်းနှင့် ပတ်ဝန်းကျင်ရှိ လယ်ယာမြေများ ရေလွမ်းခြင်း၊ သီးနှံနှင့် ရေစီးရေလာများ ပျက်စီးစေသဖြင့် ရပ်ဆိုင်းရန် ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများကလည်း စက်တင်ဘာလ ၈ ရက်က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။