မိုးရွာ မြေပြို သဲများဖုံးလွှမ်းမှုကြောင့် သုံးဦးသေ အချို့ပျောက်ဆုံး

မိုးရွာ မြေပြို သဲများဖုံးလွှမ်းမှုကြောင့် သုံးဦးသေ အချို့ပျောက်ဆုံး
by -
မဇ္စျိမ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်၊ ည ၂ နာရီ တွင် ရွာသွန်းခဲ့သော မိုးကြောင့် နေအိမ် ၅၀ ကျော် သဲများဖုံး လွှမ်းသွားပြီး နေအိမ် ၁၃ လုံး ရေမျောပျက် စီးသွား၍ လူသုံးဦးသေဆုံးခေဲ့သည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပျောက်ဆုံးနေသူများကို ဒေသခံလူမှု ရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာက ရှာဖွေကယ်ဆယ်မှုများကို ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

အဆိုပါကျေးရွာသို့ ရေများဝင်ပြီး သဲများ ဖုံးလွှမ်းမှုသည် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ကြံုတွေ့ ရခြင်းဖြစ်သည် ဟုဆိုသည်။

Mandalay-Landslides

၎င်းရေမျက် ကျေးရွာသည် အိမ်ခြေ ၂၃၀ ရှိပြီး တစ်ရွာလုံးသဲများဖုံးလွှမ်းမှု ဖြစ်ပွား၍ အိမ်ခြေ ၅၀ ကျော်မှာ သဲအတွင်း သုံးနစ်မြုပ်ခဲ့ပြီး နေအိမ် ၁၃ လုံးမှာ ရေအတွင်း မျောပါသွားသည်ဟု ကိုချိုမြင့်က ပြောသည်။

“ကျွန်တော်တို့ လူလွတ်အောင် တောင်ပေါ်ပြေးရတယ်။ နှစ်နာရီလောက်ဆိုတော့ ဘာမှမမြင်ရဘူး။ အော် သံတွေပဲ ကြားနေရတယ်။ ရေက အလုံးလိုက် အိမ်တွေ ၀င်ဆောင့်တယ်။ တစ်ခါတည်း သဲပါ ပါလာပြီ။ အကုန်မြုပ်ကုန်တယ်။ မြင်တဲ့အတိုင်းပဲ။ ဘာမှမရတဲ့ သူများတယ်” ဟု ကိုချိုမြင့်က ပြောသည်။

အဆိုပါ ရေမျက်ကျေးရွာသို့ ရေများဝင်ပြီး သဲဖုံးလွှမ်းမှုဖြစ်ပေါ်ရခြင်းမှာ ရွှေတူးဖော်သော ကုမ္ပဏီတချို့နှင့် သစ်ကုမ္ပဏီတို့က သစ်မာစိုက်ကွင်းပြုလုပ်ရန်ဟုဆို၍ ချောင်းများကို ရေတားဘောင်များ ပြုလုပ်ထားရာ မိုးကြီးသဖြင့် ဘောင်မခံမနိုင်ဘဲ ပွင့်ကျခဲ့သောကြောင့်သဲများဖုံးလွှမ်းခဲ့ခြင်း ဖြစ်သည် ဟုဆိုသည်။

“ကျွန်တော်တို့ပျောက်နေတဲ့ သူတွေနဲ့ သဲနစ်ဖုံးသွားတဲ့ ပစ္စည်းတွေကို ရှာဖွေတူး ဖော်ပေးနေပါတယ်။ လောလောဆယ် ပျောက်နေတဲ့ နှစ်ယောက်တော့ မတွေ့သေးဘူး။ ကျွန်တော်တို့ ၁၁ နာရီလောက် ကစ ပြီး ရှာဖွေနေတယ်။ အပျက်အစီး စာရင်းကတော့ အတိအကျ မသိရသေးဘူး။ ကောက်နေတုန်းပါ” ဟု မီးသတ်တပ်ခွဲမှူး ကိုအောင်ဝင်းက ပြောသည်။

သဘာဝ ဘေးအန္တရာယ်ကြံုတွေ့ နေသူများကို ရေမျက်ကျေးရွာရှိ အောင်မြေကျောင်းတိုက်တွင် ခေါ်ယူ ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် မြို့နယ်ကျန်းမာရေးအဖွဲ့က စောင့်ရှောက်ပေးလျက်ရှိသည် ဟုဆိုသည်။

စဉ်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာနှင့် ကျဉ်တောက်ပေါက်ကျေးရွာအမှတ် ၁၊ ၂၊ ၃၊ ၄၊ ရ၊ ၈ နှင့် ကျဉ်တောက် ပေါက်စျေးတို့ ရေမြုပ်ခဲ့သည်ဟုဆိုသည်။ အဆိုပါ သဘာဝဘေးအန္တရာယ် ကြံုတွေ့နေသူများ အကူအညီ လိုအပ်လျက်ရှိသည်ဟုဆိုသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်တို့တွင် မိုးကြီးခဲ့ ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

“မနေ့က မုန်တိုင်းဖြတ်ပြီးသွားပြီ။ ရမည်းသင်းမှာ နှစ်ရက်လောက်ကတည်းက မိုးကြီးတယ်။ စဉ့်ကူးဘက် မှာဆို မိုးကြီးပြီးရေတက်တယ်။ ရှမ်းပြည်မှာဆို လေပြင်းတိုက်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

Most read this week