မွေးကင်းစကလေးငယ်ကို ကြောင်တစ်ကောင်က ဆွဲလာမှ ရပ်ကွက်နေပြည်သူများ သိရှိ

မွေးကင်းစကလေးငယ်ကို ကြောင်တစ်ကောင်က ဆွဲလာမှ ရပ်ကွက်နေပြည်သူများ သိရှိ
by -
မဇ္စျိမ

မွေးကင်းစ ကလေးငယ်တစ်ဦး တိုက်နောက်ဖေးလမ်းကြားအတွင်း စွန့်ပစ်ခံထားရသည်ကို ကြောင်တစ် ကောင်က ဆွဲလာသည့်အခါမှ ရပ်ကွက်နေပြည်သူများ သိရှိခဲ့ရသည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၁၈ ရက်၊ မွန်းလွဲ တစ်နာရီဝန်းကျင်က တာမွေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်။

"ကလေးက မွေးကင်းစပဲရှိသေးတာ။ ညကတောင်မဟုတ်ဘူး။ အခု မနက်မှ ပစ်ချထားတဲ့ပုံစံ။ ကလေးကတော့ သေနေပြီ။ ဒါပေမယ့် ကလေးက အလတ်ကြီးရှိသေးတယ်။ မပုပ်သေးဘူး"ဟု မေတ္တာညွှန့်ရပ်ကွက်၊ ကမ္မဋ္ဌာန်းလမ်းအတွင်း ထမင်းဆိုင်ဖွင့်ထားသည့် မျက်မြင် တွေ့ရှိသူ ဒေါ်ဥမ္မာကပြောသည်။

အဆိုပါကလေးငယ်ကို တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်ရှိ ကမ္မဋ္ဌာန်းလမ်းနှင့် မာလာနွယ်လမ်းကြားရှိ တိုက်နောက်ဖေးလမ်းကြား ဘက်မှ ကြောင်တစ်ကောင်က ဆွဲလာခြင်းဖြစ်ပြီး ကလေးငယ်မှာ မွေးရာပါ ခြေထောက်တစ်ဖက်တိုနေသည်ဟု အဆိုပါရပ်ကွက်အတွင်းမှ မျက်မြင်တွေ့ရှိသူ မနှင်းနှင်းမော်က ပြောသည်။

"ကျွန်မကမသိဘူး ပထမ ကြောင်က ငါးဥတွဲကြီးဆွဲလာတယ်ထင် နေတာ။ ကြောင်ကမနိုင်မနင်းနဲ့ဆွဲပြီး ပထမထပ်ကိုတက်တာ။ နောက်ဆုံးမနိုင်တော့ ကလေးရော ကြောင်ရောပြုတ်ကျလာတာ။ အဲ့ဒီတော့မှ ကလေးမှန်းသိတာ"ဟုဒေါ်ဥမ္မာက ဆိုသည်။

စွန့်ပစ်ထားသည့် ကလေးငယ်၏ အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ထားပြီး အမှုဖွင့်အရေး ယူရန် ဆောင်ရွက်နေဆဲသာဖြစ်သည်ဟု တာမွေမြို့မရဲစခန်းက တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။