အယ်လ်ခိုင်ဒါ အကြမ်းဖက်မှုကို တားဆီးတုံ့ပြန်နိုင်သည့် လုံခြံုရေးအင်အား အပြည့်အဝရှိသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။
“အထက်က ညွှန်ကြားမှဆိုတာထက် လုံခြံုရေးကို နဂိုကတည်းက အဓိကထားလုပ်နေတာပါ။ အခုရဲတပ် ဖွဲ့မှာ အကြမ်းဖက်အဖွဲ့တွေကို တားဆီးတုံ့ပြန်ဖို့ လုံလောက်တဲ့ အင်အားနဲ့ လုံခြံုရေးတွေကို ဆောင်ရွက် ထားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတကာ သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ အဖွဲ့အစည်း (Information Exchange) နှင့် ပူးပေါင်းဆောင်ရွက်နေပြီး နေ့စဉ် နိုင်ငံတကာ အကြမ်းဖက်မှုသာမက လုံခြံုရေး သတင်းအချက် အလက်များကို မျှဝေဆောင်ရွက်နေသည်ဟု ရဲမှူးချုပ် ဝင်းခေါင် က ပြောသည်။
အိန္ဒိယနိုင်ငံ၌ အဖွဲ့ခွဲတစ်ခု ထူထောင်ထားသည်ဟု အယ်လ်ခိုင်ဒါ ခေါင်းဆောင် အယ်လ်ဇဝါဟရီက စက်တင်ဘာ ၃ ရက်တွင် ကြေညာခဲ့ပြီး မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထား သည်။
ထို့နောက် စက်တင်ဘာ ၁၄ ရက်တွင် ပါကစ္စတန် စစ်သင်္ဘောတစ်စင်းကို အယ်လ်ခိုင်ဒါတို့ တိုက်ခိုက်ခဲ့ သော်လည်း အောင်မြင်မှုမရပေ။
ရဲမှူးချုပ် ၀င်းခေါင်ကမူ လေကြောင်း ရဲတပ်ဖွဲ့အပြင် အခြားသော ဆက်စပ်တပ်ဖွဲ့ဝင်တို့ လုံခြံုရေးကို ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောသည်။ ထို့ပြင် ပြည်သူတို့ ပူးပေါင်းပါဝင်ပါက လုံခြံုရေးကို ပိုမိုအား ကောင်းစေမည်ဟု ဆိုသည်။
အကြမ်းဖက်မှုများကို တားဆီးတိုက်ခိုက်နိုင်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုသော်လည်း ရခိုင်ပြည်နယ်၊ ဒုချယားတန်း အရေးအခင်းအပြီး မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင် သွားရောက်စုံစမ်း သုံးသပ်ရာတွင် ရဲတပ်ဖွဲ့၌ ခေတ်မီလက်နက်တပ်ဆင်ရန် လိုနေသည်ဟု အကြံပြုထားသည်။
“ရဲနဲ့ ဘင်္ဂါလီတို့ အခင်းဖြစ်တဲ့အချိန်မှာ လူစုခွဲဖို့ သေနတ်ကို ကျည်ထိုးပြီး မိုးပေါ်ထောင်ပစ်ခိုင်းတော့ ကျည်မထွက်ဘူး” ဟု ဒုချရားတန်းအလယ်ရွာ ပဋိပက္ခနှင့်ပတ်သက်ပြီး ရဲမှူးချုပ်နှင့် ပြည်နယ်ဝန်ကြီး တစ်ဦးကို မေးမြန်းချက်ကို ကိုးကားကာ ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်နှင့် အဆင့်မြှင့်တင်ရေးကို ဥရောပသမဂ္ဂ (အီးယူ) က ကူညီ ဆောင်ရွက်နေပြီ ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာမှ ၂၀၁၅၊ မတ်အထိ ၁၈ လကြာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်၊ လူစုလူဝေးကို စနစ်တကျ ထိန်းသိမ်းခြင်းအပိုင်းများ အုပ်ချုပ်ရေးနှင့် တာဝန်ယူမှုစသည် တို့ကို ယူရို ၁၀ သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီယံခန့်) အသုံးပြု ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။