နှစ်နှစ်ကြာ လက်ဝယ်သိမ်းဆည်းထားသည့် အမေရိကန်နိုင်ငံထုတ် လက်ပစ်ဗုံးနှစ်လုံးနှင့် တီအမ်တီ ယမ်းထုပ် ၃ ထုပ်ကို စက်တင်ဘာ ၁၆ ရက် ည ၉ နာရီအချိန်က စစ်တွေမြို့ဆိပ်ကမ်းတွင် ဖမ်းဆီးရရှိခဲ့သည်ဟု စစ်တွေ မြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ် ကျော်ကျော်ဝင်က အတည်ပြုသည်။
"အခုဖမ်းမိတဲ့ ဟာက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက သူတို့လက်ဝယ်မှာရှိနေတာ သတင်းပေးလို့ ဖမ်းဆီးရမိခဲ့တာပါ ဖေါက်ခွဲမယ့် ရည်ရွယ်ချက်တော့မရှိပါဘူး။ သူတို့ကလည်း တစ်ခြားလှေပေါ်ကနေတွေ့တာကို လုံခြံုရေးအတွက်ဆိုပြီး သိမ်းဆည်းထားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်"ဟု ၎င်းက ပြောသည်။
တရားခံဟု ယူဆရသူနှစ်ဦးသည် အဆိုပါပစ္စည်းများကို စစ်တွေဆိပ်ကမ်းရှိ စက်လှေအတွင်းမှ ရရှိကာသိမ်း ဆည်း ထားခြင်းဖြစ်သည်ဟု သိရှိထားကြောင်း ဒုရဲအုပ်က ဆိုသည်။
စစ်တွေမြို့ ကသဲရပ်ကွက်၊ ဆတ်ရိုးကျချောင်း ဆိပ်ခံတံတား (အမှတ် ၁၉) တွင် ဆိုက်ကပ်ထားသည့် စက်လှေ ပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
တရားခံဟုယူဆရသူ မောင်ကြီးယေ အသက် ၂၃ နှစ် နှင့် ကျော်တင် အသက် ၄၉နှစ် တို့ကို လက်နက်အက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ယင်းနှင့် ဆက်စပ်မှုများကို ဆက်လက်စုံစမ်းနေသည်ဟု ဒုရဲအုပ်က ပြောသည်။