၂၀၁၆ အစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး သတ်မှတ်ရေး ခက်ခဲနေဦးမည်

၂၀၁၆ အစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး သတ်မှတ်ရေး ခက်ခဲနေဦးမည်
by -
မဇ္စျိမ

တိုင်းနှင့်ပြည်နယ်အနှံ့တွင် ရွှေ့ပြောင်းနေထိုင်သည့် တိုင်းရင်းသားအရေအတွက် အတိအကျ စာရင်းထုတ် ပြန်နိုင်ခြင်းမရှိလျှင် ၂၀၁၆ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အစိုးရ၏ တိုင်းရင်းသားရေးရာဝန်ကြီး သတ်မှတ် မှုများအခက်တွေ့နေဦးမည်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့က သုံးသပ်လိုက်သည်။

၂၀၁၅ ခုနှစ်၊ မေလတွင်ထုတ်ပြန်မည့် သန်းခေါင်စာရင်း နောက်ဆုံးရလဒ်တွင် တိုင်းရင်းသားမျိုးနွယ်စု ဦးရေ ပါဝင်မည်မဟုတ်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ဆိုထားခြင်းကို ဝေဖန်ကြခြင်းဖြစ်သည်။

၎င်းတို့က ၂၀၁၅ အထွေထွေရွေးကောက်ပွဲအလွန် တိုင်းရင်းသားရေးရာ ၀န်ကြီးခန့်ခွင့်ကို ထိခိုက်နိုင်သဖြင့် အချိန်မီ ထုတ်ပြန်ပေးသင့်သည်ဟုဆိုသည်။

“ရန်ကုန်မှာ ရောက်နေတဲ့ မွန်တွေ မြန်မာစကားတောင် မပီတဲ့ သူတွေက ဗမာတွေ ဖြစ်နေတယ်။ သူတို့ထုတ်တဲ့ စာရင်းတွေကလည်း မမှန်လို့ ကိုယ်တိုင်ပဲခူးတို့၊ ရန်ကုန်တို့မှာ စာရင်းတွေ လိုက်ကောက်တော့လည်း တိုင်းအစိုးရက လိုက်ပိတ်တယ်။ အဲဒီစာရင်း အတိအကျမရှိရင်တော့ ၂၀၁၅ အတွက်က လုံးဝ ခက်ခဲလိမ့်မယ်။ အစိုးရက တစ်ခုုခုတော့ လုပ်ပေးရမယ်” ဟု မွန်အမျိုးသား ပါတီဥက္ကဋ္ဌအဖွဲ့ဝင် နိုင်ငွေသိန်းက ပြောသည်။

“အဲဒါတွေကို ၂၀၁၅ မှာ မကြေညာနိုင်လို့မရပါဘူး။ တိတိကျကျ ထုတ်ပြန်ပေးဖို့ လိုအပ်ပါလိမ့်မယ်” ဟု စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးနိုကန်ထပ်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံလူဦးရေ၏ သုညဒသမ တစ်ရာခိုင်နှုန်း လူဦးရေရှိသည့်မျိုးနွယ်စုတို့ သည် ၎င်းတို့နေထိုင်ရာ တိုင်း၊ ပြည်နယ်တို့၌ တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦး ကိုယ်စားပြုခွင့်ပေးထားသည်။

ဆိုလိုသည်မှာ လက်ရှိအစိုးရ ခန့်မှန်းရှေ့ပြေးလူဦးရေစာရင်း ၅၁ သန်းဖြစ်သောကြောင့် ပြည်နယ်၊ တိုင်းများတွင် တိုင်းရင်းသားလူမျိုး ငါးသောင်းတစ်ထောင်ကျော်ရှိသည်နှင့် ဝန်ကြီးတစ်ဦးကိုယ်စား ပြုခွင့်ရမည် ဖြစ်သည်။

ထို့ကြောင့် စာရင်းတိကျစွာမသိရ၍ ကိုယ်စားပြုခွင့် ဆုံးရှုံးနေဦးမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ သန်းခေါင်စာရင်း ဗဟိုကော်မရှင်ကမူ တိုင်းနှင့် ပြည်နယ်အနှံ့တွင် ရွှေ့ပြောင်းနေထိုင်သည့် တိုင်းရင်းသား အရေအတွက်ကို ၂၀၁၅ အမီ ထုတ်ပြန်ပေးနိုင်မည်မဟုတ်ဟု ပြောသည်။

“မျိုးနွယ်စု ၁၃၅ မျိုးစလုံး တစ်ခုမှမ ပါသလို၊ ဘယ်တိုင်းမှာ ဘယ်တိုင်းရင်းသား ဘယ်လောက်နေတယ်ဆိုတာ လည်း မပါနိုင်ဘူး။ ကျွန်တော်တို့က သန်းခေါင်စာရင်းပြီးရင် မျိုးနွယ်စု ကိစ္စရှင်းမယ် ပြောထားတဲ့အတွက် ဒါတွေလုံးဝရှင်းအောင်လုပ်ပေးမှာ အများဆုံးက ၂၀၁၅ ဒီဇင်ဘာရယ် ၂၀၁၆ အစောပိုင်းလောက်အထိတော့ ရောက်နိုင်တယ်” ဟု ကော်မရှင်အတွင်းရေးမှူး ဦးမြင့်ကြိုင်က ပြောသည်။

ယင်းစာရင်းများ မရရှိနိုင်သော်လည်း ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရတိုင်းနှင့် ပြည်နယ်အနှံ့ ပျံ့နှံ့နေ ထိုင်သူများကို ခန့်မှန်းတွက်ချက်ထားသည့် စာရင်းရှိသည်ဟု ဆိုသည်။ သို့သော် နှစ်ကာလခြားနားမှု များပြားလာသည့်နှင့်အမျှ ဦးရေပမာဏ ကွာခြားမှုရှိနေနိုင်သည်ဟုလည်း ဦမြင့်ကြိုင်က သုံးသပ်သည်။

တိုင်းရင်းသားရေးရာဝန်ကြီးများ ညှိနှိုင်းရေးမှူး ဦးရတနာကမူ လက်ရှိအသုံးပြုနေသည့် ခန့်မှန်းစာရင်းထက် လူမျိုးစုအလိုက် ဦးရေလျော့နည်းနိုင်ဖွယ်မရှိ၍ စိုးရိမ်ရန်မလိုဟု မဇ္ဈိမကိုပြောသည်။ ထို့ပြင် အတိအကျအ တည်ပြုနိုင်ချိန်၌ ပြန်လည်ရွေးကောက်ခံနိုင်သည်ဟု ၎င်းကဆိုသည်။

“သန်းခေါင်စာရင်း အချက်အလက်မရဘူးဆိုလည်း တိုင်းရင်းသားတွေကိုယ်တိုင် လိုက်ကောက်ပြီးပြုစုတဲ့ စာရင်းတွေကို အသိအမှတ်ပြုပြီးတော့ လုပ်ပေးလို့ရနိုင်ပါတယ်” ဟု ပြောသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး ခန့်အပ်ထားသည်။

Most read this week