သမ္မတ ဦးသိန်းစိန် ဥရောပခရီးစဉ်တွင် ဥရောပခေါင်းဆောင်များနှင့် ဥရောပ သတင်းဌာနများကို တိုင်းပြည် အခြေအနေ နှင့် ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှုအပေါ်မူတည်၍ သမ္မတသက်တမ်း နောက်တစ် ကြိမ်လုပ်ကိုင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းကို စက်တင်ဘာ ၁၂ ရက်တွင် ဒီမိုကရေ စီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (၂၀၀၇ ကုန်စျေးနှုန်း ကျဆင်းရေးအဖွဲ့) (MDCF) မှ ဦးဆောင်၍ ဆန္ဒပြသည်။
“ကျွန်တော်တို့က သူ့ကိုဖယ်ရှားပေးဖို့ ဆန္ဒပြတာမဟုတ်ဘူး။ လက်ရှိ သမ္မတသက်တမ်းမှာ ပြည်သူလူထု လိုအပ်ချက်၊ တိုင်းပြည်လိုအပ်ချက် ဘာမှလုပ်မပေးနိုင်သေးဘူး။ ဒီလိုအပ်ချက်တွေ ပြီးပြည့်စုံအောင် လုပ်မပေးနိုင်သေးဘဲနဲ့ ဒုတိယအကြိမ် သမ္မတလုပ်ဖို့ အိပ်မက်နေတာ အဓိပ္ပာယ်မရှိဘူး။ တစ်လတစ်ခါ မိန့်ခွန်းတွေနဲ့ ပြည်သူကို ပျားရည်နဲ့ ၀မ်းချနေတယ်။ နားထောင်လို့တော့ ကောင်းတယ်။ ကျွန်တော်တို့ တိုင်းပြည်လိုအပ်နေတာ အပြောအစိုးရ မဟုတ်ဘူး။ အလုပ်အစိုးရ လိုအပ်တာပါ။ ကျွန်တော်တို့က သမ္မတကြီးကို ယုံကြည်လို့ ထောက်ခံခဲ့တယ်။ အခုလုပ်ရပ်တွေကြောင့် အယုံအကြည် မရှိတော့ဘူး။ ဒါကြောင့် သိအောင် ဆန္ဒပြတာပါ” ဟု ဦးဆောင်ဆန္ဒပြသူ ကိုသိန်းအောင်မြင့်က မဇ္ဈိမကို ပြောသည်။
ဆန္ဒပြရာသို့ တောင်သူလယ်သမား အလုပ်သမား ဆောင်ရွက်သူများအဖွဲ့၊ လူထုအကျိုးပြုအင်အားစု အဖွဲ့များမှ ပူးပေါင်းပါ၀င်ကြသည်။ ဆန္ဒပြရာတွင် ပြည်နယ်နှင့် တိုင်း ၁၄ ခုကို ကိုယ်စားပြုပြီး အင်အား ၁၄ ဦး ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ ၁၄ ဦးနဲ့ပြရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်နယ်နဲ့ တိုင်းအားလုံးမှာ လယ်ယာမြေအရေးတွေ၊ အလုပ်သမားအရေးတွေ၊ တရားရေးမဏ္ဍိုင်တိမ်းစောင်းနေမှုတွေက မလွတ်တမ်းရှိတယ်။ ဒီအရေ တွေကိုလည်း ပြေလည်အောင် သမ္မတအနေနဲ့ ဆောင်ရွက်ပေးတာမရှိဘူး။ ဒါကြောင့် ဒီနေ့စုပြီး ဆန္ဒပြတာပါ” ဟု တောင်သူလယ် သမားအလုပ်သမားအရေး ဆောင်ရွက်သူများအဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ကိုမျိုးဝင်းက မဇ္ဈိမကို ပြောသည်။
ဆန္ဒပြခြင်းသည် တရားဝင်ခွင့်ပြုမိန့်ရ၍ ပြုလုပ်ခြင်းဖြစ်သော်လည်း လမ်းမပေါ်တွင် လမ်းလျှောက် ဆန္ဒပြ ခြင်းကြောင့် တားဆီးခံရပြီး လူသွားပလက်ဖောင်းပေါ်မှသာ လမ်းလျှောက်ဆန္ဒပြရန် သက်ဆိုင်ရာက ပြောဆို သည်။
ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးက “ကျွန်တော်တို့တားတာ မဟုတ်ဘူး။ ယာဉ်ကြောတွေ ပိတ်နေလို့ ပလက်ဖောင်းပေါ်က လျှောက်ခိုင်းတာပါ။ လျှောက်လို့ ရအောင်ရှင်းပေးနေတယ်” ဟု ပြောသည်။
ဦးဆောင်ဆန္ဒပြသူ ကိုသိန်းအောင်မြင့်က ဆန္ဒပြမှုအားလာရောက်အားပေးနေသော ပြည်သူလူထုအား မြန်မာနိုင်ငံ ပြည်သူများ၏ စားဝတ်နေရေးဒုက္ခ နိုင်ငံတော်သမ္မတကြီးသိမှာပါ ခေါင်းစဉ်ဖြင့် ဟောပြောသည်။
ထိုသို့ ဟောပြောရာတွင် “သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား ၂၀၁၅ ရွေးကောက်ပွဲမလာခင် အလုပ်သမားထု အခွင့်အရေးတွေ၊ အလုပ်သမားများ ဖမ်းဆီးတရားစွဲဆိုခံနေရတာတွေ၊ လယ်မြေသိမ်းပြဿနာတွေ၊ လယ်သမားများစွာ တရားစွဲဆိုခံရ၊ ဖမ်းဆီးခံနေရ ထောင်ချခံနေရတာတွေ၊ ရခိုင်၊ မိတ္ထီလာ၊ မန္တလေးဘာသာရေး ပဋိပက္ခတွေ၊ ခရိုနီများစီးပွားရေးနှင့် အုပ်ချုပ်ရေးမှာ လွှမ်းမိုးမှုတွေ၊ တရားဥပဒေ တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်ဖို့အရေးတွေ၊ အကျင့်ပျက် ခြစားနေတာတွေ၊ အဂတိလိုက်စားတာတွေ၊ မိကျောင်းကန်၊ မရမ်းကုန်း (၆) ရပ်ကွက် သမီးလေးကျေးရွာ မြေသိမ်းခံရမှု၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မလက်တိုကိစ္စ၊ စစ်ကိုင်းတိုင်းကန့်ဘလူ၊ နေပြည်တော်ဝဲကြီးကျေးရွာ အကြမ်းဖက်ခံရမှု၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းရွာကို သေနတ်နှင့်ပစ် အကြမ်းဖက်ခံရမှု၊ ရမည်းသင်း မိုးထိမိုးမိ၊ အမရပူရမြို့နယ် ရွှေကြက် ယက် လယ်ယာမြေ၊ မန္တလေးမြရည်နန္ဒာမြို့သစ် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ကျောက်ဆည်မြို့နယ် မြစ်သားမြို့နယ်၊ ပဲခူးတိုင်း ဧရာဝတီ တိုင်းစသည့်မြို့အသီးသီးမှ တောင်သူလယ်သမားတွေ မြေသိမ်းခံရတာတွေ တရားစွဲ ထောင်ချခံနေရတာတွေ၊ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ကျန်ရှိနေသေးတာတွေ၊ များပြားလာတာတွေ၊ မီဒီယာလွတ်လပ်ခွင့် ပေးတယ်ဆိုပြီး မီဒီယာသမားတွေ ဖမ်းဆီး ထောင်ချတာတွေကို အရင်ဆုံးဖြေရှင်းပြီးမှနောက် သမ္မတသက်တမ်းအတွက် စဉ်းစားပါ” ဟု ပြောဆိုဟောပြောသည်။