ဦးစံလင်း၏ ခိုင်းစေချက်အရ လုပ်ခဲ့ရသည့် ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးသန်းညွန့်က ဦးစံလင်း ဦးဆောင်ရှာ ဖွေနေသည့် ဓမ္မစေတီခေါင်းလောင်းတူးဖော်မှု လုပ်ရပ်မှာ လိမ်ညာသကဲ့သို့ ဖြစ်နေသည်ဟု မှတ်ချက်ပြု ပြောဆိုလိုက်သည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေရန် သတ်မှတ်ထားသည့်ရက် ကျော်လွန်လာခဲ့ပြီ ဖြစ်သော်လည်း သင်္ဘောပျက်တစ်စင်းကိုသာ တွေ့ရှိခဲ့ပြီး ခေါင်းလောင်းကြီး၏ အစအနပင် မတွေ့ရှိရသေးသည်ဟု နေရပ်ပြန် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သူများက ပြောသည်။
“မုသာဝါဒ နည်းနည်းသုံးသလိုဖြစ်နေတယ်” ဟု ဦးသန်းညွန့်က ဆိုသည်။
ထို့ပြင် “ဦးစံလင်းပြောတဲ့အတိုင်း လိုက်လုပ်ရတာပဲရှိတယ်။ ကိုယ့်သဘောနဲ့ ကိုယ်လုပ်လို့မရဘူး။ သင်္ဘောနဲ့ ပေ ၂၀ လောက်အကွာကိုပဲ နေ့တိုင်းရှာနေရတော့ ဘာမှထူးခြားမှုမရှိဘူး” ဟု ရေငုပ်အဖွဲ့ ခေါင်းဆောင် ဦးသန်းညွန့်ကပြောသည်။
အဆိုပါ ခေါင်းလောင်းကြီးကို ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ခေါင်းလောင်း ရှာဖွေမှုမစတင်မီ ဓမ္မစေတီ ခေါင်းလောင်းကို တစ်လနှင့်အပြီးရှာဖွေမည်ဟု ဆိုခဲ့သော်လည်း လက်တွေ့တွင် သတ်မှတ်ရက်နှင့် ရှာမတွေ့သဖြင့် ရက်ထပ်မံတိုးမြှင့်ခဲ့ပြီး ယခုအခါ နောက်ထပ် ၁၈ ရက် တိုးလိုက်ပြန်သည်။
“အခုရှာတာကတော့ ခေါင်းလောင်းနဲ့ ပတ်သက်ပြီး ဘာအကြောင်းအရာမှ ထူးခြားမှုမတွေ့တာတော့ အမှန်ပါပဲ။ နေ့တိုင်း ဒီနေရာတစ်ဝိုက်ကိုပဲ လှည့်ပြီးရှာနေရတော့ ကြာလာတော့ ပျင်းလာတယ်။ စိတ်မပါ သလိုမျိုးပေါ့။ ခေါင်းဆောင်လုပ်တဲ့သူကလည်း သူသတ်မှတ်ထားတဲ့ နေရာမှာပဲ ရှာရမှာဆိုတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူး။ သူရှာခိုင်းတဲ့နေရာနဲ့ နည်းနည်းလေး ကွာသွားတာနဲ့ လူကိုပြန်ဆွဲခေါ်တာလေ” ဟု ခေါင်းလောင်းရှာဖွေရာမှ နေရပ်သို့ပြန်သွားသူ ဦးဇော်ဦးက ပြောသည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုမှာ စက်တင်ဘာလ ၁၁ ရက်တွင် ၃၄ ရက်ပြည့် မြောက်ပြီဖြစ်သော်လည်း သတ်မှတ်ရက် မပြည့်မီ ရေငုပ်သမား ရှစ်ဦးအနက် လေးဦးမှာ စက်တင်ဘာလ ရ ရက်က နေရပ်သို့ ပြန်သွားခဲ့သည်။
ခေါင်းလောင်းရှာဖွေသည့်ရက်ကို သတ်မှတ်ရက်အပြင် နောက်ထပ် ၁၇ ရက် ထပ်မံတိုးမြှင့်ထားပြီး စက်တင်ဘာလ ၁၈ ရက်တွင် ထပ်မံတိုးမြှင့်ထားသည့်ရက် ပြည့်မြောက်မည်ဖြစ်သည်ဟု ခေါင်းလောင်း ဆယ်ယူရေး အထောက်အကူပြုအဖွဲ့မှ ဦးနိုင်မင်းအောင်ကပြောသည်။
“ခေါင်းလောင်းရှာဖွေမှုပုံစံနဲ့ အခြေအနေတော့ ပြောလို့မရဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဦးစံလင်းနဲ့ အဆက် အသွယ်မရဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် ဘာမှပြောလို့မရသေးဘူး” ဟု ဦးနိုင်မင်းအောင်က ပြောသည်။
ခေါင်းလောင်းရှာဖွေမှု မစတင်မီက ရေငုပ်ရှာဖွေမည့်အဖွဲ့ကို ဆလုံလူမျိုးများဖြစ်သည်ဟု ဦးစံလင်းက တရားဝင် ပြောဆိုခဲ့သော်လည်း လက်ရှိရေငုပ်ရှာဖွေနေသည့် လူများမှာ ဆလုံလူမျိုးများမဟုတ်ဘဲ ကော့ သောင်းမြို့မှ လူများသာဖြစ်သည်ဟု ဦးသန်းညွန့်က ပြောသည်။
ခေါင်းလောင်း ရှာဖွေနေစဉ်အတွင်း အဖွဲ့ခေါင်းဆောင်ဦးစံလင်းက ဓမ္မစေတီ ခေါင်းလောင်းရှာတွေ့ပြီဟု ထုတ်ပြန်ခဲ့သော်လည်း အမှန်ခေါင်းလောင်းကို မတွေ့ရှိသေးဘဲ သင်္ဘောပျက်သာ တွေ့ရှိခြင်းဖြစ်သည်။