ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)တို့ နောက်နောင် နယ်မြေအငြင်းပွားမှုကို စစ်ရေးဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန်နှင့် ထပ်မံတွေ့ဆုံဆွေးနွေးရန် စက်တင်ဘာ ၁၁ ရက်က သဘောတူညီခဲ့သည်ဟု RCSS ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ၏ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက မဇ္စျိမကို ပြောသည်။
RCSS နှင့် PNLOတို့ နယ်မြေအငြင်းပွားရာမှ ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ (နဂါးခမ်းတန်) နောင်တောင်ကီ ကျေးရွာအပိုင်တွင် စက်တင်ဘာလ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် RCSS ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်းဒေသတွင် စက်တင်ဘာ ၁၁ရက် နေ့လည်က နှစ်နာရီကြာ တွေ့ဆုံဆွေးနွေး ပီးနောက် ယင်းသို့ သဘောတူညီခဲ့ခြင်း ဖြစ်သည်။
“အစည်းအဝေးက ဒီနေ့ပဲ ပြီးသွားပါတယ်။ စစ်သား အချင်းချင်းဆိုတော့ လိုရင်းတိုရှင်းပဲ ဆွေးနွေးကြတာနဲ့ တူပါတယ်။ အဓိကတော့ နယ်မြေအငြင်းပွားတဲ့ ပြဿနာမှာ စစ်အင်အားသုံးပြီး မဖြေရှင်းကြေး ဆိုတဲ့ သဘောတူညီချက် ရသွားပါတယ်။ အောက်ခြေတပ်တွေ ထိတွေ့မှုမရှိအောင် နှစ်ဖက်စလုံး ကိုယ့်တပ်ကိုကြပ် ကြပ်မတ်မတ် ကွပ်ကဲဖို့ ဆိုတဲ့ သဘောတူညီချက်ရသွားပါတယ်” ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
RCSSမှ ဒု- ဥက္ကဋ္ဌ (၁) ဗိုချုပ် စိုင်းယီ ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးနှင့် PNLO ဘက်မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဦးဆောင်သော ကိုယ်စားလှယ် ၅ ဦးတို့ တွေ့ဆုံခဲ့ပြီး ကြားလူအဖြစ် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးနှင့် 'ဝ' အမျိုးသားအဖွဲ့ချုပ် (WNO) မှ တွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူးညီလူတို့ တက်ရောက်ခဲ့သည်ဟု သူက ဆက်လက် ပြောသည်။
RCSS နှင့် PNLO ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမှု အခြေအနေကို သတင်းမရရှိသေးသေ်ာလည်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း PNLO ၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။
“ကျွန်တော့်ဆီတော့ ဘာသတင်းတော့ မရသေးဘူး။ မနက်ဖြန်လောက်မှ သိရမယ်ထင်တယ်။ ငြိမ်းချမ်းစွာ ရှင်းရမှာပဲ။ အားလုံးကတော ့ငြိမ်းချမ်းစွာ ဖြေရှင်းမယ်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မယ်။ အတူတူအလုပ်လုပ်မယ် ဒါကတော့ ရှိပြီးသားပါ။ ဒီပြဿနာက ရှင်းလို့ရသွားမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။
လက်ရှိ နယ်မြေပဋိပက္ခ ဖြစ်ပွားနေသော ကဒူးကြီးဒေသအတွင်း PNLO နှင့် RCSS တပ်တို့အကြား နှစ်ပေါင်းများစွာ အတူ နေထိုင်ခဲ့ရာမှ ယခုကဲ့သို့ ဖြစ်ပွားလာရမှုအပေါ် နိုင်ငံရေး ကစားကွက်တခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခွန်ဥက္ကာက မဇ္စျိမကို ပြောခဲ့ဖူးသည် ပြောဆိုခဲ့သည်။
အငြင်းပွားမှု ဖြစ်ပွားနေသော ကဒူးကြီးဒေသကို PNLO ထိန်းချုပ်နယ်မြေအဖြစ် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC က အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည်ဟုဆိုကာ တပ်စခန်း လာရောက်ဆောက်လုပ်နေမှုကို RCSS ဘက်မှ ကန့်ကွက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က PNLO သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ခွဲထွက်ခဲ့ပြီး နောက်ပိုင်း မောက်မယ်ဂွင်အား RCSS က ထိန်းချုပ်ထားလိုက်ခြင်း ဖြစ်ပြီး အစိုးရက PNLOကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ထားသော ပွန်းချောင်း၏ အနောက် ဘက်ကမ်းအတွင်း လှုပ်ရှားရန် နှစ်ဖက် ညှိနှိုင်းထားပြီး ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက မကြာမီက ပြောဆိုထားသည်။
စက်တင်ဘာလ ၃ရက်က သမ္မတရုံးဝန်ကြီးဌာန(၄) ဒု-ဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူးထောင်ရေး ဗဟိုဌာန(MPC) အတွင်းရေးမှူး ဦးအောင်သိန်းကလည်း နှစ်ဖက် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန် တိုက်တွန်းစာကို RCSS ထံ ပေးပို့ခဲ့သည်။