တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အစည်းအဝေးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) စက်တင်ဘာလအတွင်း တွေ့ဆုံရာတွင် ဆွေးနွေးမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု တတိယမူကြမ်းပေါ် သုံးသပ်ကာ တပ်နေရာချထားရေး အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟု NCCT ၏ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။
“ရှေ့လုပ်ငန်းစဉ်ဆိုတဲ့နေရာမှာ ဆက်ပြီးညှိနှိုင်းရမယ့် အပိုင်းတွေပါတယ်။ ရှေ့လုပ်ငန်းစဉ် ဆိုတာနောက်ဆုံး ဆွေးနွေးပွဲကနေ ဆုံးဖြတ်ပြီးတော့ ဆက်လက်ဆောင်ရွက် ရမယ့် အပိုင်းတွေ ဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက တပ်နေရာချထားရေးကိစ္စ၊ ဒီမှာကျတော့ ရှေ့ဆက် အကောင်အထည်ဖော်ရမယ့် ပူးတွဲအလုပ်အဖွဲ့တွေ ဖွဲ့ပြီးတော့ ဆက်လက် ညှိနှိုင်းပြီးတော့ တင်ပြမှာဖြစ်တယ်။ ကျွန်တော်တို့ဘက်မှာ ပြင်ဆင်မှုတွေရှိတယ်” ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။
တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန်နှင့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ဆွေးနွေးသွားရန် UWPC နှင့် NCCT တို့ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) ကို တိုင်းရင်းသားများဘက်က ဖွဲ့စည်းလိုက်သည်။
ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် ကျင့်ဝတ်စည်းမျဉ်း ကော်မတီ ခေါင်းဆောင်အဖြစ် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို တာဝန်ပေးခဲ့အပ်သည်ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က သတင်းထောက်များကို ပြောသည်။
ထို့ပြင် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct)၏ ဦးဆောင်ကော်မတီအဖြစ် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံ့ကို တာဝန်ပေးအပ်လိုက်ကာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) ၏ ဦးဆောင်ကော်မတီအဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် စောတာဒိုမူးကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေးအတွက် အလုပ်ကော်မတီ ခေါင်းဆောင်အဖြစ် KNU ၏ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကို တင်မြောက်လိုက်ပြီး PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် CNF မှ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်တို့ကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခဲ့သည်ဟု သူက ဆိုသည်။
သို့သော် တစ်နိုင်ငံလုံး အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ကော်မတီတစ်ခု မရှိဘဲ လုပ်ငန်းကော်မတီအဆင့်ဖြင့်သာ လုပ်ဆောင်ပါက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလျှင် ဖြေရှင်းပေးနိုင်မည့် ပူးတွဲဦးဆောင်ကော်မတီ လိုအပ်သည်ဟုလည်း ၎င်းက ပြောသည်။
NCCT ဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲ ဦးဆောင်ကော်မတီဖွဲ့စည်းရန် တင်ပြခဲ့မှုကို အစိုးရဘက်မှ ပူးတွဲ ဟူသော ဝေါဟာရကို မလိုလားဘဲ ပြီးခဲ့သည့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ဆိုင်ရာကော်မတီဟူ၍သာ ယာယီသဘောတူထားခဲ့သည်ဟု သိရသည်။
လက်ရှိ အစိုးရနှင့် NCCT တို့အကြား ဦးဆောင်ကော်မတီဖွဲ့စည်းရေး၊ ကြားကာလအစီအစဉ်နှင့် နိုင်ငံရေး ဆွေးနွေးမှုကို သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ရန် ဟူသော အချက် သုံးချက် တစ်ဆို့နေသဖြင့် ဆက်လက် ဆွေးနွေးရန် လိုအပ်နေသည်ဟု ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်က ပြောသည်။
NCCT ဘက်မှ အစိုးရကို ကိုယ်စားပြုသော တပ်မတော်၊ အစိုးရအဖွဲ့၊ လွှတ်တော်တို့ ပါဝင်သော ကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များပါဝင်ရေးတို့ ပါဝင်သော သုံးပွင့်ဆိုင်ဆွေးနွေးရန် အဆိုပြုထားခြင်း ဖြစ်သည်။
အစိုးရနှင့် ဆွေးနွေးရန် ကျန်ရှိသည့်အချက်များမှာ အပစ်ရပ်ပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှ ဆုံးဖြတ်ချက် များမချမီ ကြားကာလတွင် တပ်နေရာချထားရေး ကိစ္စများ၊ ပြန်လည် မပစ်ခတ်စေရန် စည်းကမ်းချမှတ်ခြင်း များနှင့် စောင့်ကြည့် ကော်မတီဖွဲ့စည်းခြင်း ကိစ္စရပ်များ၊ အပစ်ရပ်ရေးသဘောတူညီမှုတွင် မည်သူတို့ပါဝင် မည်ကို သတ်မှတ်ရေးနှင့် အပစ်ရပ်ပြီးနောက်ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးတို့ ဖြစ်သည်။
အစိုးရဘက်မှ တိုင်းရင်းသား အဖွဲ့အစည်းများ၏ တောင်းဆိုသော အချက်များကို လက်ခံမည်ဆိုပါက ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ သဘောတူလက်မှတ်ရေးထိုးလိမ့်မည်ဟု သူက ဆက်ပြောသည်။
ထို့ပြင် NCCT၏ သုံးရက်ကြာ ကျင်းပခဲ့သည့် အစိုးရနှင့် မတွေ့ဆုံမီ ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် NCCT တို့ တွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်ရပ် တတိယမူကြမ်းကို ဆွေးနွေးရန် အစိုးရဘက်က အဆိုပြုသည့် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ရက်များ အပါအဝင် ငါးရက် တွေ့ဆုံရန် NCCT ဘက်က ဆုံးဖြတ်ထားသည်။
NCCT၏ အကြိုဆွေးနွေးပွဲကို စက်တင်ဘာ ၉ရက်မှ ၁၀ ရက်အထိ ထိုင်းနိုင်ငံ နယ်စပ်မြို့တစ်ခုတွင် ကျင်းပခဲ့သည်။