အယ်လ်ကိုင်းဒါးအဖွဲ့က မြန်မာကို ခြိမ်းခြောက်မှု မြန်မာမွတ်ဆလင်အဖွဲ့ ကန့်ကွက်ဟု ထုတ်ပြန်

အယ်လ်ကိုင်းဒါးအဖွဲ့က မြန်မာကို ခြိမ်းခြောက်မှု မြန်မာမွတ်ဆလင်အဖွဲ့ ကန့်ကွက်ဟု ထုတ်ပြန်
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင်းတွင် ဘာသာရေးအသွင် ပဋိပက္ခများ ဖြစ်ပွားလျှက်ရှိသော်လည်း ပြည်တွင်းရေးကိစ္စများကို ပြည်တွင်း၌သာ အဖြေရှာမည်ဖြစ်ပြီး အယ်လ်ကိုင်းဒါးက မြန်မာ နိုင်ငံကိုတိုက်ခိုက်ရန် ထုတ်ပြန်ချက်အပေါ် ပြည်တွင်းနေ မြန်မာ မွတ်ဆလင်အဖွဲ့က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင်းတွင် မွတ်ဆလင် အဖွဲ့အစည်းများအပေါ် မုန်းတီးမှု၊ နှိမ့်ချစော်ကားမှုများရှိသော်လည်း မြန်မာမွတ်ဆလင် အဖွဲ့အစည်းနှင့် မြန်မာမွတ်ဆလင် လူငယ်များသည် အကြမ်းဖက်မှုများကို ရှောင်ရှားခဲ့ပြီး မြန်မာ အဖွဲ့အစည်းအတွင်းတွင် အထင်မြင်လွဲမှားမှုများ ပြေပျောက်လာအောင်ကြိုးပမ်းလျက် ရှိသည် ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လူမျိုးရေး၊ ဘာသာရေး မတူကွဲပြားမှုများကို အကြောင်းခံပြီး မုန်းတီးရေး၊ အကြမ်းဖက်ရေးတို့အတွက် သွေးထိုးလှုံ့ဆော်နေသော အယ်လ်ကိုင်းဒါး၊ အိုင်ဆစ်အပါဝင် ပြည်ပ ပြည်တွင်း အဖွဲ့များနှင့် ဦးဆောင်သူများကို ပြင်ထန်စွာ ရှုံ့ချသည်”ဟု ဖော်ပြထားသည်။

ထို့ပြင် ယင်းအဖွဲ့အစည်းအနေဖြင့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များက ပြည်တွင်းရေးစွတ်ဖက်မှုများနှင့် အကြမ်းဖက်မှုများရှိလာပါက မြန်မာ တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ၍ ဆန့်ကျင်သွားမည် ဟုလည်းဆိုသည်။

အစ္စလာမ်သာသနာရေးရာ ကောင်စီချုပ် အဖွဲ့ဝင် ဦးညွှန့်မောင်သျှိန်က “သတင်းအချက်လက်ရဲ့ ရင်းမြစ်ကို သေချာစိစစ်နေဆဲဖြစ်ပါတယ်၊ တကယ်မှန်တယ်ဆိုရင်တော့ တစ်ခုခုတု့ံပြန်ဖို့ရှိပါတယ်၊ ခုတော့ လူကြီးတွေ အချင်းချင်းမတိုင်ပင်ရသေးပါဘူး”ဟု မဇ္စျိမကိုပြောသည်။

အယ်လ်ကိုင်းဒါးက မြန်မာနိုင်ငံအပါဝင် ၊အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးကျော်ခင်က “ဘယ်လို အကြမ်ဖက်မှုမျိုးကို မဆို ရှုံ့ချပါတယ်။ ဒီလိုကိစ္စမျိုးကိုလည်း ကျွန်တော်တို့လက်မခံပါဘူး”ဟု မဇ္စျိမကိုပြောသည်။

အိုစမာဘင်လာဒင် စတင်တည်ထောင်ခဲ့သော အစ္စလာမ်မစ် အစွန်းရောက် အယ်လ်ကိုင်းဒါး အဖွဲ့က မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို တိုက်ခိုက်ရန် အဖွဲ့ ဖွဲ့စည်းသည့်လိုက်သည်ဟု စက်တင်ဘာ ၃ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်ကို အကြမ်းဖက်မှုဝါဒ စောင့်ကြည့်လေ့လာရေး အဖွဲ့ (SITE) က အွန်လိုင်းဂျီဟတ်ဝါဒီ ဆွေးနွေးမှုများထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဖွဲ့ခေါင်းဆောင် အေးမန်းက အယ်လ်ဇဝါဟရီက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ အစိုးရကမူ နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်သော ပြင်ဆင်မှုများကို ဆောင်ရွက်ထားပြီး ဖြစ်သဖြင့် စိုးရိမ်စရာမရှိဟု သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့်  သတင်းထုတ်ပြန်ထားသည်။

Most read this week