နယ်မြေအငြင်းပွားရာမှ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)တို့ စက်တင်ဘာ ၃ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ဆွေးနွေးညှိနှိုင်းရန် PNLO က RCSS ထံ ၄ရက်နေ့က စာပို့ထားသည်ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက မဇ္စျိမကို ပြောသည်။
“နှစ်ဖက်အကြား အပြန်အလှန် ဆွေးနွေးအဖြေရှာတာ ဆက်သွယ်မှုစာနဲ့ ကမ်းလှမ်းမှုတွေ လုပ်နေပါတယ်။ ဗိုလ်ချုပ် ယွက်စစ်(RCSS ဥက္ကဋ္ဌ)က ကျွန်တော်တို့ကို စာရေးထားတာ ရှိခဲ့တော့ ကျွန်တော်တို့ကလည်း ဒီပေါ်မှာ မူတည်ပြီး အကြောင်းလည်းပြန်တယ်။ ဆွေးနွေးလိုတဲ့အကြောင်းလည်း ပြန်ပြောတာဖြစ်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က RCSS ကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောဆိုခဲ့သဖြင့် PNLO ဘက်ကလည်း ညှိနှိုင်းမှု ပြုလုပ်ကြမည်ဟု စာရေးသားပေးပို့လိုက်ခြင်း ဖြစ်သည်။
PNLO ဘက်မှ လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာအား ငြိမ်းချမ်းသောနည်းဖြင့် ဆွေးနွေးကြရန် ပေးပို့လာသော စာကို RCSS ဗဟိုဌာနချုပ်က လက်ခံရရှိပြီ ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမည့် နေရာနှင့် အချိန်ကို ထပ်မံ ညှိနှိုင်းရ မည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
ယင်းအပြင် စက်တင်ဘာ ၃ရက်ကလည်း သမ္မတရုံးဝန်ကြီးဌာန(၄) ဒု-ဝန်ကြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) အတွင်းရေးမှူး ဦးအောင်သိန်းက RCSS/SSAနှင့် PNLOတို့ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြရန် တိုက်တွန်းစာ ပေးပို့ခဲ့သည်ဟု ၎င်းက ပြောသည်။
“မေတ္တာရပ်ခံတိုက်တွန်းတဲ့သဘောပါ။ ဒီလိုနှစ်ဖက် အဖွဲ့အစည်းမှာ ဖြစ်နေတဲ့ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြပါဆိုတဲ့ သဘောမျိုးနဲ့ပါ။ MPC အတွင်းရေးမှူးအနေနဲ့ ရေးပို့တာ ဖြစ်ပါတယ်၊ ကျွန်တော်တို့လည်း ငြိမ်းချမ်းတဲ့ နည်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ဆွေးနွေးညှိနှိုင်းကြဆိုတဲ့ ကျွန်တော်တို့ ရည်မှန်းထားတာနဲ့ အတူတူပါပဲ”ဟု ဒု-ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
RCSS ဘက်မှ တိုက်ပွဲမဖြစ်ခင်ကတည်းက တွေ့ဆုံဆွေးနွေးရန် စာရေးသားပေးပို့ခဲ့သလို၊ PNLO နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် သက်ဆိုင်ရာ တပ်မှူး၊ စစ်ဘက်ဆိုင်ရာနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့များပါဝင်သော ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သူက ဆိုသည်။
စက်တင်ဘာလ ၃ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ခမ်နဂါး (နဂါးခမ်းတန်)ကျေးရွာအပိုင်တွင် နယ်မြေအငြင်းပွားမှုမှ စ၍ နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုနေရာကို PNLO ၏ အခြေပြုလှုပ်ရှားနယ်မြေအဖြစ် အစိုးရနှင့် ပြည်ထောင်စုအဆင့် သဘောတူညီမှုအရ သတ်မှတ်ထားပြီး နယ်စပ်ဒေသများ၌လည်း လှုပ်ရှားမှုများကို အစိုးရထံ နုတ်အားဖြင့် ကတိထားရှိသည်ဟု ခွန်မြင့်ထွန်းက ပြောသည်။
သို့သော် အငြင်းပွားမှု ဖြစ်နေသည့် ကဒူးကြီးဒေသ နောင်တောင်ကီးကျေးရွာအပိုင်တွင် PNLO က ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်နေသည့်အတွက် ပြီးခဲ့သည့် ၈ ရက်နေ့က နောက်ဆုံးထားထွက်ခွာပေးရန် RCSS ဘက်မှ သြဂုတ်လ ၃ ရက်က စာရေးသားပေးပို့ခဲ့သည်။ ထို့ပြင် သြဂုတ်လ ၁၅ နှင့် ၂၃ ရက်များတွင်လည်း ထပ်မံ ရေးသားခဲ့သည်ဟု သိရသည်။