ဝေဘာဂီဆေးရုံမှလူနာတွင် အီဘိုလာ လုံးဝမရှိဟု ဂျာမနီဓာတ်ခွဲခန်းအဖြေထွက်

ဝေဘာဂီဆေးရုံမှလူနာတွင် အီဘိုလာ လုံးဝမရှိဟု ဂျာမနီဓာတ်ခွဲခန်းအဖြေထွက်
by -
မဇ္စျိမ

ကူးစက်မြန်သည့် အီဘိုလာရောဂါဟု သံသယရှိ၍ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးတွင် ဆေးကုသနေသည့် လူနာနှင့် ၎င်းနှင့် အနီးကပ် ထိတွေ့သူ လေးဦး၏ သွေးနမူနာကို ဂျာမနီနိုင်ငံရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးမှုအရ ငါးဦးလုံးတွင် အီဘိုလာပိုး လုံးဝမရှိကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက သိရသည်။

၎င်းတို့ ငါးဦး၏ သွေးနမူနာကို ကူးစက်မြန် အီဘိုလာရောဂါ ဟုတ်မဟုတ် အတည်ပြုရန် သြဂုတ် ၂၉ရက်က ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုငါးဦးလုံး၏ ကျန်းမာရေး အခြေအနေမှာလည်း လုံးဝ ကောင်းမွန်နေပြီဟု ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ ငါးဦးအနက် အီဘိုလာဟု သံသယ ရှိသူမှာ ရန်ကုန်ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ စစ်ဆေးချက်အရ  ငှက်ဖျားရောဂါပိုးနှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် လက္ခဏာတွေ့ရှိရသည်ဟုလည်း သြဂုတ် ၂၀ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုငါးဦးမှာ သြဂုတ်လ ၁၉ရက်က အီဘိုလာကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိသည့် အာဖရိက နိုင်ငံများမှ ပြန်လာသူများဖြစ်ပြီး တစ်ဦးမှာ လေဆိပ်အရောက်တွင် ကျန်းမာရေး မကောင်း၍ အီဘိုလာဟု သံသယရှိပြီး ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင်ကာ ကြီးကြပ်ကုသကာ ဂျာမနီနိုင်ငံအထိ သွေးနမူနာကို စစ်ဆေးပေးခဲ့ခြင်း ဖြစ်သည်။

Most read this week