ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ ကရင်အမျိုးသား အစည်းအရုံး ယာယီနုတ်ထွက်သွားသည့်အပေါ် တိုင်းရင်းသားအစုအဖွဲ့များ စိတ်ဝမ်းကွဲနိုင်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲနိုင်ခြင်းတို့ ဖြစ်လာနိုင်ပြီး ကောင်းမွန်သည့် လက္ခဏာတစ်ရပ်မဟုတ်ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်တို့က သုံးသပ်လိုက်သည်။
UNFC ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိရာ စက်တင်ဘာ ၁ ရက်တွင် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီနုတ်ထွက်ကြောင်း KNU ဥက္ကဋ္ဌဖြစ်သူ မူတူးစေဖိုး၏ လက်မှတ်ဖြင့် အကြောင်းကြားစာ ပေးပို့လိုက်သည့်အပေါ် နိုင်ငံရေးလေ့လာသူများနှင့် ပြည်တွင်း တိုင်းရင်းသားခေါင်းဆောင်များက သတိပေးသုံးသပ်လိုက်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် တိုင်းရင်းသားများစည်းလုံးရန် လိုအပ်ပြီး KNU ခွဲထွက်သွားခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်မဟုတ်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်း နိုင်ငွေသိန်းက ဆိုသည်။
“လက်ရှိနိုင်ငံရေးအခြေအနေက သူ့အစုနဲ့သူ စည်းလုံးရမယ်၊ တစ်ဖွဲ့တည်း ခွဲထွက်တာက အခြေအနေမ ကောင်းဘူး”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အလားတူသဘောထားကွဲပြားမှုများရှိလာပါက ဆက်လက်ညှိနှိုင်းကာ စိတ်ရှည်ကြရန်လည်း နိုင်ငွေသိန်းက တိုက်တွန်းသည်။
KNU သည် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် သီးခြားစီ၊ သီးသန့်တွေ့ဆုံမှု ခြောက်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည့် အချက်များကို ပွင့်လင်းစွာ မထုတ်ပြန်ခဲ့ခြင်း၊ ဇွန်လ ၄ ရက် သမ္မတနှင့် တွေ့ဆုံမှုအတွင်း ၂၀၁၅ အလွန်တွင်လည်း သမ္မတဦးသိန်းစိန်ကို ဆက်လက်တာဝန်ထမ်းဆောင်ရန် သဘောထားပေးခြင်းသည် ကရင်လူထုတစ်ရပ်လုံး၏ ဆန္ဒမဟုတ်ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခုတစ်ဖန် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုက်ခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပါ ပြိုကွဲသွားနိုင်သည်ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ညီလာခံက သူ့သဘောသူ နုတ်ထွက်တာက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်တယ်။ ကရင်လူထုကို ကိုယ်စားမပြုဘူး”ဟု ဆိုသည်။
သို့သော် UNFC အဖွဲ့ဝင်အဖြစ် KNU နုတ်ထွက်ခြင်းသည် UNFC ၏ ညီလာခံတွင် ဖွဲ့စည်းပုံမူကို ဆွေးနွေးရာ အစုအဖွဲ့ စံနှုန်းသတ်မှတ်ချက်အပေါ် သဘောထားကွဲလွဲရာမှ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းခြင်းသာဖြစ်သည်ဟု KNU အထွေထွေ အတွင်းရေးမှူး စောကွယ်ထူးဝင်းက ဆိုသည်။ KNU က တိုင်းရင်းသားအင်အားစု အားလုံးပါ၀င်ပြီး နိုင်ငံရေးရည်မှန်းချက်ထားရှိကာ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်လို လားလျက်ရှိသည်ဟုလည်း စောကွယ်ထူးဝင်းက ပြောသည်။
“UNFC ထဲမှာ ပါ၀င်နေတဲ့ ဥက္ကဋ္ဌတွေ အတွင်းရေးမှူးတွေက လက်ရှိပြောင်းလဲနေတဲ့ နိုင်ငံရေးအပေါ်မှာ လက်ခံနိုင်တဲ့ အနေအထားမရှိဘူး”ဟုလည်း ဆိုသည်။
အလားတူပင် KNU ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတာဒိုမူးကလည်း တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အခန်းကဏ္ဍကိုဖော်ဆောင်ရာ၌ UNFC အဖွဲ့ဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်းမှာ KNU အတွက် ကြီးမားသည့် အခန်းကဏ္ဍမဟုတ်ဟု တုံ့ပြန်သည်။
“ရှင်းရှင်းပြောရရင် UNFC ထဲမှာ ပါတယ်နဲ့ မပါဘူးဆိုတာ KNU အတွက်တော့ သိပ်မထူးပါဘူး၊ ဆိုလိုချင်တာက ကျွန်တော်တို့က တိုင်းရင်းသားပူးပေါင်းဆောင်ရွက်မှုကို ရှာပြီး လုပ်တာရယ်၊ သူတို့ ဘုံရည်မှန်းချက်တွေ ရှိတယ်ဆိုရင်လည်း တူတဲ့ဟာတွေ လုပ်ကြမယ်၊ မတူတဲ့ဟာဆိုရင် ပေါ်လစီအရ ခွဲလုပ်ကြမယ်”ဟု ပြောသည်။
UNFC အဖွဲ့ဝင်အဖြစ် KNU ရပ်ဆိုင်းရသည့် အကြောင်းအရင်း
UNFC အဖွဲ့ဝင်အဖြစ်မှ KNU ရပ်ဆိုင်းရသည့် အကြောင်းအရာတစ်ရပ်ကို KNU ဥက္ကဋ္ဌဖြစ်သူ စောမူတူးစေဖိုး၏ UNFC သို့ ပေးပို့သည့် အကြောင်းကြားစာတွင် “UNFC မှ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပူးပေါင်း ပါ၀င်မှုကို ထိခိုက်စေနိုင်သည်ဟု ကရင်အမျိုးသားအစည်းအရုံးက မှတ်ယူထားပါသည်”ဟု ပါရှိသည်။
အလားတူပင် “အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုခု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်သည့် ဖွဲ့စည်းလုပ်ဆောင်မှုတို့ကို KNU က လုံးဝ လက်ခံနိုင်ခြင်း မရှိပါ”ဟု အကြောင်းကြားစာတွင် ဖော်ပြထားသည်။
KNU ဒု-ဥက္ကဋ္ဌကလည်း အကြောင်းကြားစာပေးပို့
KNU ဒု-ဥက္ကဋ္ဌဖြစ်သူ နော်စီဖိုးရာစိန်ကလည်း UNFC သို့ စက်တင်ဘာ ၁ ရက် ရက်စွဲဖြင့် အကြောင်းကြားစာ တစ်ရပ်ပေးပို့ခဲ့သေးသည်။ အဆိုပါစာတွင် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ခိုင်မာသည့်တပ်ပေါင်းစု တည်ဆောက်နိုင်ရေးအတွက် တစ်တပ်တစ်အား ကြိုးပမ်းပါ၀င်ဆောင်ရွက်သွားမည်ကိုလည်း အလေးအနက် တင်ပြအပ်ပါသည်”ဟု ဖော်ပြပါရှိသည်။ သို့သော် အဆိုပါအကြောင်းကြားစာပေးပို့မှုကို KNU ဗဟိုကော်မတီဝင်များ မသိရှိဟု ပဒိုစောတာဒိုမူးက ဆိုသည်။
“ကျွန်တော်မသိဘူး၊ ညီလာခံတက်နေတဲ့ ကိုယ်စားလှယ်တစ်ဦးကို မေးကြည့်တော့လည်း သူတို့က မသိဘူးတဲ့၊ ကျွန်တော် ဗဟိုအလုပ်မှုဆောင်ကော်မီတီ တစ်ဦးအနေနဲ့ ဘာမှမသိရဘူးလို့ ယူဆရရုံတင်မကဘူး။ တည့်တည့်ကြီး ပြောလို့ရတယ်”ဟု ဆိုသည်။
သို့သော် နော်စီဖိုးရာစိန်၏ အကြောင်းကြားစာ ပေးပို့မှုသည် (၁၅) ကြိမ်မြောက် KNU ကွန်ဂရက်မှ ချမှတ်ထားသည့် မဟာမိတ်နှင့် တိုင်းရင်းသားအဖွဲ့များနှင့် ဆက်ဆံရေး အခန်းကဏ္ဍမူဝါဒအရ ပို့ခဲ့ခြင်းဟု ကာယကံရှင်က ဆိုသည်။
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ခိုင်မာသည့် တပ်ပေါင်းစု တည်ဆောက်နိုင်ရေးအတွက် (၁၅)ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်ခဲ့တဲ့ မူအတိုင်း လိုက်နာလုပ်ဆောင်တာပါ၊ ဒီမူ သဘောထားတွေက ရှိပြီးသား မူတွေပါ။ မူတွေက ပြောင်းလဲမှုမ ရှိသေးပါဘူး”ဟု ပြောသည်။
UNFC သို့ ပေးပို့စာတွင် ကေအင်န်ယူကိုယ်စားလှယ်များက သဘောထားမတူညီခြင်းနှင့် ဖက်ဒရယ်ကောင်စီဝင် ကိုယ်စားလှယ် ရွေးချယ်ပေးပို့နိုင်ခြင်း မရှိခဲ့မှုအပေါ် KNU မှ အဖွဲ့အစည်းအတွင်း ပြန်လည် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ညီလာခံနှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့ရခြင်းကိုလည်း KNU ကိုယ်စား အနူးအညွတ်တောင်းပန်ကြောင်းလည်း ရေးသားဖော်ပြထားသည်။
KNU ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့၏ အကြောင်းကြားစာပေးပို့ချက် နှစ်စောင်အပေါ် တုံ့ပြန်ချက်
UNFC သို့ KNU က တစ်နေ့တည်း အကြောင်းကြားစာ နှစ်စောင်ပေးပို့မှုနှင့် စာပါအကြောင်းအရာများ ကွဲပြားခြင်းအပေါ် ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က အများလက်ခံထားသည့် KNU ကွန်ဂရက်မူအရ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောဆိုပြီး ဗဟိုအလုပ်အမှုဆောင်ကော်မီတီ စောတာဒိုမူးကမူ “KNU မကွဲပါဘူး၊ ကျွန်တော်တို့က ဒီမိုကရေစီကို အခြေခံပြီးတော့ လွတ်လပ်စွာ ကျွန်တော်တို့ သဘောထားတွေ ထုတ်ဖော်ကြတယ်၊ မတူကွဲပြားတဲ့ အမြင်တွေကို တင်ပြဆွေးနွေးတယ်၊ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ခုအတွက်ကတော့ လူနှစ်ယောက်ရန်ဖြစ်တာနဲ့ ကွဲတယ်လို့ ပြောလို့ မရသလို၊ လက်တွဲသွားတာနဲ့လည်း ခိုင်မာတယ်လို့ ပြောလို့ မရဘူး”ဟု ဆိုသည်။
KNU နုတ်ထွက်ပြီးနောက် UNFC အခြေအနေ
စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်း ကျင်းပမည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပထမအကြိမ် ညီလာခံ၏ ခေါင်းဆောင် ရွေးချယ်မည့် အစည်းအဝေးအမီ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ကိုယ်စားလှယ်စာရင်း ပေးပို့နိုင်ခြင်း မရှိပါက လာမည့် UNFC ၏ သက်တမ်းတစ်ခုအတွက် ခေါင်းဆောင် နေရာများ၌ KNU ကိုယ်စားလှယ်များအား ရွေးချယ်နိုင်မည်မဟုတ်တော့ကြောင်း အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
“သူတို့ (KNU) အနေနဲ့ ကိုယ်စားလှယ်စာရင်းကို အချိန်မီပို့ပေးနိုင်ခြင်း မရှိရင်တော့ ခေါင်းဆောင်ရွေးမယ့် နေရာမှာ သူတို့ ကိုယ်စားလှယ်တွေ ပါ၀င်နိုင်မှာ မဟုတ်ပါဘူး၊ သူတို့အနေနဲ့ ကိုယ်စားလှယ်စာရင်း ပေးပို့နိုင်မှသာလျှင် ကျွန်တော်တို့က ကိုယ်စားလှယ်အဖြစ် ရွေးလို့ရမှာပါ”ဟု နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။
ထို့ပြင် KNU က ပြင်ဆင်ပေးရန် ညီလာခံကို တင်ပြထားသည့် ဖွဲ့စည်းပုံမှာလည်း အခြား UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သဘောတူ ထောက်ခံမှုမရှိသဖြင့် ပြင်ဆင်ပေးနိုင်ရန်မှာ မဖြစ်နိုင်ကြောင်းနှင့် လက်ရှိ UNFC အဖွဲ့ဝင်များ လက်ခံနိုင်သည့် ဖွဲ့စည်းပုံအခန်းများ၏ အချို့အခန်းငယ်များ၌ ဖြည့်စွက်ရေးဆွဲပေးနိုင်ရန် ဖြစ်နိုင်ခြေရှိကြောင်း နိုင်ဟံသာက ဆက်ပြောသည်။
KNU ကမူ UNFC ၏ စုဖွဲ့မှုနှင့် အာဏာခွဲဝေကျင့်သုံးရေး၌ ၎င်းတို့ လက်ခံနိုင်ခြင်း မရှိသည့် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးသဖြင့် “အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုခု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိခိုက်သည့် ဖွဲ့စည်း လုပ်ဆောင်မှုတို့ကို KNU မှ လုံးဝလက်ခံနိုင်ခြင်း မရှိပါ”ဟု ဝေဖန်ထားကာ ၎င်းအားလည်း ယနေ့ UNFC သဘာပတိသို့ လိပ်မူ၍ပေးပို့ခဲ့သည့် KNU ဥက္ကဋ္ဌ မူတူးစေဖိုး၏ ပေးပို့စာ၌လည်း ဖော်ပြရေးသားထားခဲ့သည်။
ထိုသို့ UNFC နှင့် အမြင်မတူသည့် ကိစ္စရပ်များအားလည်း KNU ဗဟိုကော်မတီအစည်းဝေး၌ အကျေအလည် ဆက်လက်ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကလည်း မဇ္ဈိမကို ပြောကြားခဲ့သည်။
ထိုသို့ လိုအပ်နေသည့် KNU ၏ အရေးပေါ်ဗဟို (သို့) ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို အတွင်းရေးမှူးချုပ်၏ ဆင့်ခေါ်ချက်ဖြင့် ကျင်းပနိုင်မည်ဖြစ်ကာ လတ်တလော၌ အစည်းအဝေးခေါ်ယူရန် ဆင့်ခေါ်ချက် မရှိသေးကြောင်းလည်း ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ပဒိုစောတာဒိုမူးက မဇ္ဈိမကို ပြောကြားခဲ့သည်။
KNU က တင်ပြထားသည့် ဖွဲ့စည်းပုံ မူသစ်အရမူ UNFC ၌ နိုင်ငံရေး ဦးဆောင်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းထားရှိသွားရန်၊ ထိုအောက်၌ အတွင်းရေးမှူး သုံးဦးက လုပ်ငန်းကိုင်တွင် လည်ပတ်ရန်နှင့် အတွင်းရေးမှူး လက်အောက်၌ လုပ်ငန်းအမျိုးအစားအလိုက် ဌာနခွဲများထားရှိ၍ ဖွဲ့စည်းသွားရန်ဖြစ်ကာ ၎င်းမှာ လက်ရ ှိUNFC ၏ ဖွဲ့စည်းပုံနှင့် လုံးဝကွဲပြားသွားပြီး ၎င်းအား ကျန ်UNFC အဖွဲ့ဝင် အဖွဲ့အစည်းများက လက်ခံနိုင်ခြင်း မရှိကြောင်း နိုင်ဟံသာက ဆိုသည်။
သို့သော်လည်း UNFC ၏ လက်ရှိစုဖွဲ့မှုပုံစံဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်းလည်း KNU ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ပဒိုစောတာဒိုမူးက မဇ္ဈိမကို သုံးသပ်ပြောကြားသည်။
“တိုင်းရင်းသားအဖွဲ့တွေ အားလုံးကို အတင်းဆွဲစေ့ပြီးတော့ ယူနီဖောင်းဖြစ်အောင် တစ်သွေးတစ်သံတစ် မိန့်နဲ့ စည်းလုံးညီညွတ်မှုမျိုးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး၊ ကွဲပြားတဲ့အမြင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တာ လုပ်ဆောင်ပြီး မတူတာတွေ ခွဲလုပ်ကြမယ်။ အဲဒီပုံစံမျိုးနဲ့သာ ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်စေမှာပါ”ဟု ပဒိုစောတာဒိုမူးက မဇ္ဈိမကို ပြောသည်။
ယနေ့ ဆက်လက်ကျင်းပသော UNFC ၏ ပထမအကြိမ် ညီလာခံအစည်အဝေး၌မူ UNFC ၏ တပ်ပေါင်းစု ဖွဲ့စည်းရေးဆိုင်ရာ ဖွဲ့စည်းပုံကိုသာ အပြီးသတ် ဆွေးနွေးနိုင်ကာ ကျန်ရှေ့လုပ်ငန်းစဉ်နှင့် ခေါင်းဆောင် ရွေးချယ်ခြင်းကဏ္ဍကို စက်တင်ဘာ ၂ ရက် အစည်းအဝေး၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကာ KNU မှ ကိုယ်စားလှယ်အဖွဲ့ အမည်စာရင်းကို ထိုအမီပို့ပေးရန် လိုအပ်နေခြင်းဖြစ်သည်။
လက်ရှိ၌ ကျန်တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းများမှ UNFC အဖွဲ့၏ ဗဟိုကော်မီတီဝင် ၄၀ ဦးကျော်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၁ ဦးကျော် ရွေးချယ်တင်မြှောက်နိုင်ရန် ကိုယ်စားလှယ် အမည်စာရင်းကို ပေးပို့ထားပြီးဖြစ်ကြောင်းနှင့် မည်သည့်အဖွဲ့မှ မည်သူ့ကို ကိုယ်စားလှယ် ပေးပို့ထားသည်ကို အသေးစိတ် ဖြေကြားပေးရန် နိုင်ဟံသာက ငြင်းဆိုခဲ့သည်။
UNFC ပထမအကြိမ် ညီလာခံအားပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက် အထိ ကျင်းပကာ ၂၉ ရက် နှင့် ၃၀ ရက်များတွင် ပြည်တွင်း အင်အားစုများနှင့် တွေ့ဆုံနိုင်ရန် နှစ်ရက်တာ ခေတ္တရပ်နားထားခဲ့သည်။ ထို့နောက် သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်တွင် ဆက်လက်ကျင်းပခဲ့သည်။
အစည်းအဝေးကို စက်တင်ဘာလ ၁ ရက် ပြီးစီးရန် လျာထားခဲ့သော်လည်း ပြီးပြတ်မှု မရှိခဲ့သဖြင့် စက်တင်ဘာလ ၂ ရက်၌ ရက်တိုး၌ ထပ်မံကျင်းပရရန်ရှိသည်။